ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ယာယီသက်သေခံလက်မှတ် (၀ှုိက်ကတ်) ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန် အရှိန်ယူနေချိန်တွင် ရခိုင််နှင့် တနင်္သာရီ ကမ်းလွန်ရေနံလုပ်ကွက် သုံးခုကို ဖေဖော်ဝါရီ ရ ရက်က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ရခိုင်ကမ်းလွန်ရေနက်ပိုင်း ရေနံလုပ်ကွက် ဗီ-၉ နှင့် ဗီ-၁၁၊ တနင်္သာရီကမ်းလွန် ရေနက်ပိုင်းရေနံလုပ်ကွက် MD-5 တို့ကို ဖေဖော်ဝါရီ ရရက်က နေပြည်တော် Hilton ဟိုတယ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် စီမံကိန်ဝန်ကြီး ဦးမြအောင်က "စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ တင်ဒါအောင်တဲ့ သူတွေနဲ့ စာချုပ်ချုပ်တာဖြစ်ပါတယ်။ အကျိုးအမြတ်နဲ့ ပတ်သက်လို့တော့ ပြောလို့မရပါဘူးခင်ဗျ"ဟု မဇ္စျိမကိုပြောသည်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Shell Myanmar Energy Pte.ltd နှင့် Mitsui Oil Exporation Co.ltd Group တို့က ကမ်းလွန်ရေနံလုပ်ကွက်များ ထုတ်လုပ်မှု အကျိုးအမြတ်ခွဲဝေခံစားရေး စာချုပ်များ လက်မှတ်ရေးထိုး ခဲ့ခြင်း ဖြစ်သည်။
သဘာဝဓာတ်ငွေ့နှင့်ရေနံလုပ်ကွက်များမှ ရခိုင်ပြည်နယ်၏ သယံဇာတရပိုင်ခွင့်များကို ဒေသခံများက တောင်းဆို ထားသော်လည်း ပြည်နယ်အစိုးရက တိကျစွာ ထုတ်ဖော်ပြောထားခြင်းမရှိပေ။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သော ၀ှုိက်ကဒ်ကိုင်ဆောင်သူများ မဲထည့်ခွင့်ရရှိရေးကို ဆန့်ကျင်နိုင်ရန် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ရခိုင်ပြည်နယ်တက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးကွန်ရက်အဖွဲ့များ၊ နိုင်ငံရေးအင်အားစုများက နှိုးဆော် ဖြန့်ကျက်ကာ ဆန္ဒထုတ်ဖော်မှု များ ပြုလုပ်ကြရန် ကြိုးပမ်းနေချိန်ဖြစ်သည်။
"ဒီလိုလက်မှတ်ထိုးတာကိုတော့ မသိဘူး။ အသိလည်း ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ် အမျိုးသားရေးအတွက် ချိန်ကိုက် အရေးကြီးနေတဲ့ ၀ှုိက်ကတ်တို့ ရိုဟင်ဂျာအရေးတို့ကို မလုပ်လို့မရဘူး" ရခိုင်အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးမျိုးသန့်က ပြောသည်။
၂၀၁၂ ခုနှစ်အတွင်းက ကျောက်ဖြူသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ကန့်ကွက်မှုများ ပေါ်ပေါက်လာချိန် တွင် ကျောက်နီမော်မြို့နယ် ကျောင်းဆရာမတစ်ဦးဖြစ်သူ မသီတာထွေး၏ဖြစ်စဉ်မှ လူမျိုးရေးပဋိပက္ခ အသွင်သို့ ကူးပြောင်းသွားခဲ့ပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ကန့်ကွက်မှုများ မှေးမှိန်ခဲ့သည်။ ထို့နောက် ထပ်မံ၍ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် ရေနံလုပ်ကွက်များ ရခိုင်ဒေသ သယံဇာတများ ခွဲဝေရရှိရေး ကြိုးပမ်းမှုများအနေဖြင့် ရခိုင်ဒေသခံများက ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးရရှိရေး တောင်းဆို လက်မှတ်များ ကောက်ယူနေချိန်တွင် ၂၀၁၃ နိုဝင်ဘာလ အတွင်းက ရခိုင်တစ်ကျော့ပြန် ပဋိပက္ခများပေါ်ပေါက်လာခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဓာတ်ငွေ့များ ပို့လွှတ်နေပြီဖြစ်ကာ၊ ရေနံပိုက် လိုင်းကိုလည်း ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အလားတူပင် နိုင်ငံတကာ ရေနံတင်သင်္ဘောများ ဆိုက်ကပ်နိုင်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကိုလည်း ၂၀၁၅ ဖေဖော်ဝါရီ ဖွင့်လှစ်ပြီး ဒေသခံများက ကန့်ကွက်ရန် ပြင်ဆင်ခဲ့သေးသည်။