ရန်ကုန်မြို့သို့ ချီတက်လာသည့် သပိတ်စစ်ကြောင်းများမှ ဆန္ဒပြကျောင်းသားများအား တက္ကသိုလ်ဝင်းအတွင်း သို့ ဝင်ခွင့်ပြုမည်မဟုတ်ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက ဖေဖော်ဝါရီ ၈ ရက်တွင် မဇ္စျိမကို ပြောသည်။
ဒေါက်တာ အောင်သူက 'တက္ကသိုလ်ထဲကို ဝင်ခွင့်မပြုနိုင်ဘူး။ ကျောင်းသားတွေ ပညာသင်ကြားနေတဲ့အတွက် တက္ကသိုလ်အနေနဲ့ကတော့ ပိတ်ထားမှာပေါ့။ သူတို့ဟာသူတို့ အတင်းဝင်လာရင်တော့လည်း သူတို့က လက်နက်ကိုင် အဖွဲ့အစည်းမှ မဟုတ်ဘဲ' ဟု ပြောသည်။
လက်ရှိတွင် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန့်ကျင်နေသည့် ကျောင်းသားများ၏ သပိတ်စစ်ကြောင်းများကလည်း မကြာခင်ရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ ရောက်ရှိလာမည့်အချိန်နှင့် တိုက်ဆိုင်စွာပင် ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကျောင်းသားများ၏ လှုပ်ရှားမှုအပေါ်ကိုလည်း ဒေါက်တာ အောင်သူက 'ပညာသင်ကြားရေးအတွက် အနှောက်အယှက်ဖြစ်မှာကို စိုးတယ်။ ငြိမ်းချမ်းသာယာရေးကို အနှောက်အယှက်ဖြစ်မှာတို့ ဒီလောက်တော့ စိုးရိမ်စိတ် နည်းနည်းပါးပါးတော့ ရှိတာပေါ့' ဟု ဆိုသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန့်ကျင်နေ သည့် မန္တလေး၊ ပုသိမ်၊ ပခုက္ကူနှင့် မုံရွာစသည်တို့မှ ထွက်ခွာလာသည့် ကျောင်းသားများ၏ သပိတ်စစ်ကြောင်းသည် သက်ဆိုင်ရာအာဏာပိုင်များ၏ ဟန့်တားမှုကြားကပင် မကြာခင်ရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ စုဝေး ရောက်ရှိလာတော့မည် ဖြစ်သည်။
သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ရောက်ရှိလာပါက မည်သည့်နေရာသို့ ဦးတည်ချီတက်မည်ကို ဆုံးဖြတ်ရခြင်း မရှိသေးဟု ဧရာဝတီ သပိတ်စစ်ကြောင်းကို ဦးဆောင်သူဖြစ်သည့် အဖွဲ့ဝင် ၁၅ဦးဖြင့် ဖွဲ့စည်းထားသော ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုပိုင်ရဲသူက ပြောသည်။
သို့သော် သပိတ်စစ်ကြောင်းအားလုံး ပူးပေါင်းပြီးမှသာ ရန်ကုန်သို့ ဝင်ရောက် ဆန္ဒပြမည်ဖြစ်ပြီး ၎င်းတို့၏ တောင်းဆိုချက် မရမချင်း သပိတ်စစ်ကြောင်းများ ထပ်မံအရှိန်မြှင့်ရန် ဆုံးဖြတ်ထားပြီဖြစ်သည်ဟု ဆိုသည်။
အခြားတစ်ဖက်တွင်လည်း ပြည်ထဲရေး ဝန်ကြီးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဆန္ဒပြကျောင်းသားများ၏ လှုပ်ရှားမှုကို အစွန်းရောက်ဝါဒီသမား (ဟောင်း)များ နောက်ကွယ်က ကြိုးကိုင်နေပြီး ယင်းလှုပ်ရှားမှုသည် တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေသည့် နိုင်ငံရေးလှုပ်ရှားမှုဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။