မသန်စွမ်းများ တန်းတူပညာသင်ကြားခွင့်အတွက် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း အလုပ်မှုဆောင် မစုပုံချစ်က တောင်းဆိုလိုက်ပြီး ၎င်းက ညောင်တုန်းအဝင်မှ အထွက်ထိ ဧရာဝတီ ကျောင်းသားသပိတ်နှင့် လိုက်ပါပူးပေါင်းခဲ့သည်။
"ပညာရေးဥပဒေမှာ မသန်စွမ်းသူတွေအတွက် အထူးသင်ကြားရေးမလိုချင်ဘူး၊ မတောင်းဆိုထားပါဘူး၊ ကျွန်မတို့လိုချင်တာ အတူတကွပူးပေါင်သင်ကြားနိုင်မယ့် အခြေခံသင်ကြားရေးပဲ လိုချင်ပါတယ်၊ ကျောင်းသားထုတောင်းဆိုချက် ၁၁ချက်ထဲမှာပါတဲ့၊ မသန်စွမ်းတွေအတွက်ပါ မချန်လှပ်ဘဲ တောင်းဆိုပေးလို့ ကျောင်း သားထုအားလုံးကို ကျေးဇူတင်တယ်" ဟု မစုပုံချစ်က ပြောသည်။
ကန့်ကွက်မှုများရှိနေ၍ ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေသည့် အမျိုးသားပညာရေးဥပဒေတွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍအတွက် ပိုမိုထည့်သွင်းရေးဆွဲပေးရန် မျှော်လင့်သည်ဟု ၎င်းက ပြောသည်။
ဧရာဝတီ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ရရက် နံနက်တွင် ညောင်တုန်းမြို့မှ ထွက်ခွာစဉ် မစုပုံချစ်လည်း လိုက်ပါပူးပေါင်းပါဝင် ခဲ့ခြင်း ဖြစ်သည်။
"သူတို့တောင်းဆိုထားတာ သူတို့အတွက်တင်မဟုတ်ဘူး ဆရာတွေအတွက်ကော မသန်စွမ်းကျောင်းသားတွေအတွက်ပါ
တောင်းဆိုထားလို့ အမြန်ဆုံးအကောင်အထည်ဖော်ပေးနိုင်ရင် အကောင်းဆုံးပဲ" ဟု ၎င်းက ပြောသည်။
ဧရာဝတီသပိတ်သည် မအူပင်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး မအူပင် တံတားတွင် မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေနှင့်အညီ ခွင့်ပြုမိန့်တင်ရန် လာရောက်ပြောကြားခဲ့သည်။ သပိတ်စစ်ကြောင်းမှ ကျောင်းသားများကမူ ခွင့်ပြုမိန့်တင်ရန် မလိုအပ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။