အဖြူရောင်ကဒ် ကိုင်ဆောင်သူများမဲထည့်ခွင့် ၈၈ ရခိုင်အဖွဲ့ ကန့်ကွက်

အဖြူရောင်ကဒ် ကိုင်ဆောင်သူများမဲထည့်ခွင့် ၈၈ ရခိုင်အဖွဲ့ ကန့်ကွက်
by -
နိရဥ္စရာ

ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော်တွင် အဖြူရောင်ကဒ်(White Card) ခေါ် နိုင်ငံတွင်း ယာယီနေထိုင်ခွင့်ကဒ် ကိုင်ဆောင်သူများအား ဆန္ဒမဲခံယူရာတွင် မဲထည့်ခွင့်ပြုရန် အတည်ပြု ဆုံးဖြတ်ချက်ကို ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဖေဖေါ်ဝါရီ၃ရက် ရက်စွဲပါ ကြေငြာချက် တစ်စောင်ထုတ်ပြန်ပြီး ကန့်ကွက်လိုက်သည်။

၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးဦးသန်းနိုင်က ထိုကိစ္စနှင့် ပတ်သက်၍ “ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း နိုင်ငံသားတွေထံမှ စီးဆင်းရမယ့် အခြေခံမူ ဖြစ်ရမယ်လို့ ဖေါ်ပြထားတယ်။ အခု နိုင်ငံသားလား၊ နိုင်ငံသား မဟုတ်ဘူးလားဆိုတာတောင် မစစ်ဆေးရသေးဘဲ သူတို့တွေကို မဲပေးခွင့်ပြုဖို့ ဆုံးဖြတ်တာဟာ သူတို့ရေးဆွဲထားတဲ့ ဥပဒေကို သူတို့ကိုယ်တိုင်ချိုးဖေါက်တာ ဖြစ်တယ်။ ဒီလုပ်ရပ်ဟာ တိုင်းပြည်အတွက် အလွန်အန္တရာယ်များပြီး ထိခိုက်မှုတွေလည်း ရှိနိုင်ပါတယ်” ဟု ပြောဆိုသည်။

88-g

ယခုကိစ္စသည် တည်ငြိမ်အေးချမ်းစ ပြုနေသော ရခိုင်ပြည်နယ်၏ အခြေအနေကို အပြင်းထန်ဆုံး ပြန်လည် လှုပ်နိုးလိုက်ခြင်း ဖြစ်သည်ဟု ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့က သဘောထားကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ယင်းအဖွဲ့က ၁၉၈၈ အရေးတော်ပုံသည် ပြည်သူလူထု၏ ဆန္ဒကို လျစ်လျူရှုသည့် အစိုးရ၏ လုပ်ရပ်များကြောင့် ဖြစ်ပွားခဲ့ခြင်းကို အမှတ်ရစေလိုသည်ဟု ထောက်ပြပြောဆိုသည်။

ယခုလည်း နိုင်ငံတဝန်းမှ ပြည်သူအများစု၏ ဆန္ဒကို လျစ်လျူရှု၍ အဖွဲ့အစည်း တစ်ခု၏ အတ္တမာနအကျိုးကို ကာကွယ်ရန် အလို့ငှာ အဖြူရောင်ဒ် ( White Card) ကိုင်ဆောင်သူများကို မဲပေးခွင့် ပြုလိုက်ခြင်း သည် ပြည်သူ တစ်ရပ်လုံး၏ သဘောထား ဆန္ဒကို လုံးဝ မျက်ကွယ်ပြုခြင်း ဖြစ်၍ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖေါ်ပြထားသည်။

အဖြူရောင်ကဒ် ကိုင်ဆောင်သူများအား နိုင်ငံသား တစ်ဦး၏ အဆင့်မြင့်ဆုံး အခွင့်အရေး ဖြစ်သော မဲပေးပိုင်ခွင့်ကို ပေးလိုက်ခြင်းမှာ တိုင်းပြည်ကို ရောင်းစားရာ ရောက်သည်သာမက သစ္စာဖေါက်ရာ ရောက်နေသဖြင့် ဝေဖန်မှုများနှင့် ကန့်ကွက်မှုများလည်း နိုင်ငံ တဝန်းတွင် ပေါ်ပေါက်နေကြောင်း သိရသည်။

Most read this week