ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပသည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စုလွတ်တော် ပုံမှန် အစည်းအဝေး၌ ပြည်လုံးကျွတ် ဆန္ဒမဲထည့်ရာတွင် နိုင်ငံသား ဟုတ်မဟုတ်ကို စိစစ်နေသည့် အဖြူရာင်ကဒ် ခေါ် နိုင်ငံတွင်း ယာယီနေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည့်အပေါ် ကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဖေဖော်ဝါရီလ ၃ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုး၏ ရေရှည်အကျိုးကို မကြည့်ဘဲ ရွေးကောက်ပွဲ တစ်ပွဲ အနိုင်ရရှိရေးကိုသာ ရှေးရှု လုပ်ဆောင်သော နိုင်ငံရေးသမား အမည်ခံများ၏ ကိုယ်ကျိုးကြည့် လုပ်ဆောင်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခိုးဝင်ဘင်္ဂလီများအရေးသည် ဤမျှကြီးထွားလာခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ကိုယ်ကျိုးကြည့်သော နိုင်ငံရေးသမားအမည်ခံများက သော်လည်းကောင်း၊ လက်ရှိ လွှတ်တော်အသီးသီးက သော်လည်းကောင်း မည်သို့ပင် ဆုံးဖြတ်စေကာမူ ရခိုင်အမျိုးသားပါတီ အနေဖြင့် အဖြူရောင်ကဒ် ကိုင်ဆောင်သောသူများ မဲပေးခွင့် မရရှိရေးနဲ့ ပတ်သက်၍ မလျှော့စတမ်း တိုက်ပွဲဝင်သွားမည်ဟု ဖေါ်ပြထားသည်။
ပြည်ထောင်စုလွတ်တော်တွင် ရခိုင်အမျိုးသားပါတီ လွတ်တော်ကိုယ်စားလှယ်များနှင့် အတူရပ်တည်ပြီး ကန့်ကွက်မဲ ပေးခဲ့ကြသည့် ကိုယ်စားလှယ်များ နိုင်ငံရေးပါတီများကိုလည်း ကျေးဇူးတင်ကြောင်းနှင့် ဤအရေးတွင် လက်တွဲ တိုက်ပွဲဝင်ကြရန် ရခိုင်အမျိုးသားများသာမက မြန်မာ ပြည်တရပ်လုံးကိုလည်း တိုက်တွန်း နိူးဆော်ကြောင်း ရေးသားထားသည်။
အလားတူ အဖြူရောင်ကဒ် ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသည့်အပေါ် နာမည်ကြီးသတင်းစာ တစ်စောင်ဖြစ်သည့် Eleven Media Groupမှလည်း အပြင်းအထန် ကန့်ကွက်ကြောင်း အချက် ၅ ချက်ပါ ကြေငြာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။
Eleven Media Group ၏ ကြေငြာချက်တွင် နိုင်ငံသားစိစစ်ဆဲ နိုင်ငံခြားသားများအား နိုင်ငံသားတို့၏ အမြင့်ဆုံး အခွင့်အရေးဖြစ်သော မဲပေးခွင့် ပေးအပ်ခြင်းမှာ တရားမဝင် နိုင်ငံခြားသားများအား နိုင်ငံသားအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုခြင်း ဖြစ်သကဲ့သို့ နယ်စပ်ဒေသများမှ တဆင့် တရားမဝင် နိုင်ငံခြားသား အမြောက်အများ ဝင်ရောက်လာရန် ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေသည်ဟု ဖော်ပြထားသည်။
ယင်းအပြင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကဲ့သို့ တစ်ဖက်နိုင်ငံမှ တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု များပြားသော ပြည်နယ်များရှိ တို်င်းရင်းသားများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့်အား နိုင်ငံသား မဟုတ်သူများ၏ ဆန္ဒမဲ များဖြင့် ဖိနှိပ်ကန့်သတ်သကဲ့သို့ ဖြစ်စေပါသည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ အဖြူရောင်ကဒ် ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုသည့်အပေါ် ရခိုင်အမျိုးသားပါတီမှ မြေပုံမြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း သူ၏ ဖေ့စ်ဘုတ်တွင် “ဤဖြစ်ရပ်သည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ တည်တ့ံရေးအတွက် ရခိုင်လူမျိုးများအနေဖြင့် ကိုယ့်ကံကြမ္မာကို ကိုယ်သာ ဖန်တီး ရတော့မည် ဖြစ်ကြောင်း နောက်ထပ်အချက်ပြလိုက်သော သာဓကတစ်ခုပင်ဖြစ်ပါသည်” ဟု ရေးသားထားသည်။
အလားတူ စစ်တွေမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်ကလည်း သူ၏ဖေ့စ်ဘုတ်တွင် “ ရိုဟင်ဂျာအမည်ခံလျက် သန်းကောင်စာရင်း အကောက်မခံခဲ့သော အဖြူရောင်ကဒ်ကိုင်ဆောင်သူ ကုလားများကို ဆန္ဒမဲပေးခွင့် ပြုခြင်းသည် မိမိထွေးထားသော တံတွေးကို ပြန်လည်ကောက်ယူ မျိုချရာရောက်နေကြောင်း သိရှိသင့်၏” ဟု ရေးသားထားသည်။
ဖော်ဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပသည့် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့တွင် အဖြူရောင်ကဒ် ကိုင်ဆောင်သူများ ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ကိစ္စ ဆွေးနွေးရာ နောက်ဆုံး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ ၃၂၈ ဦး၊ ကန့်ကွက်သူ ရ၉ ဦး၊ ကြားနေသူ ၁၉ ဦး ရှိခဲ့သည်။