ပြီးခဲ့သည့် ၂၀၁၃၊ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ယခင် ကုန်သည်ကြီးများဟိုတယ် (ဆူးလေ ရှန်ဂရီလာဟိုတယ်) ဗုံးပေါက်ကွဲမှုနှင့် ဝပ်စတန်ပတ် စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုအတွက် စွဲချက်တင်ခံ ထားရသူနှစ်ဦး၏ စွဲချက်ပယ်ဖျက်ပေးရန် ရန်ကုန်တိုင်းတရားလွှတ်တော် ရုံးသို့ လျှောက်တင်ထားမှုမှာ အမှုတွဲပြန်မကျသေးသဖြင့် မစစ်ဆေးနိုင်သေးဟု အနောက်ပိုင်းခရိုင်တရားရုံး တွဲဖက် ခရိုင်တရားသူကြီး (၂)က ဖေဖော်ဝါရီ ၅ရက်တွင် ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှု ဖြစ်စဉ်များအတွက် စောမြင့်လွင်ကို ပေါက်ကွဲစေတတ်သော ဥပဒေပုဒ်မ ၃ဖြင့် တရားစွဲဆိုထားပြီး ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးနှင့် ယာဉ်မောင်း ကိုဇော်လတ်မော်တို့ကို ပေါက်ကွဲစေ တတ်သော ဥပဒေပုဒ်မ ၆ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။ ပေါက်ကွဲစေတတ်သော ဥပဒေပုဒ်မ ၃နှင့် ၆သည် ပြစ်ဒဏ်တူညီစွာ ချမှတ်နိုင်သည့် ပြစ်မှုပုဒ်မျိုးဖြစ်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။
ထို့ကြောင့် ဗုံးပေါက်ကွဲမှုတွင် ပါ၀င်ပတ်သက်ခဲ့ခြင်း မရှိခဲ့သည်အတွက် ဦးမြဖူးနှင့် ကိုဇော်လတ်မော်တို့က စွဲချက်ကို ပယ်ဖျက်ပေးရန် လျှောက်တင်မှုကို ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်ရုံးက ၂၀၁၄၊ ဇူလိုင်လအတွင်းတွင် လက်ခံခဲ့ပြီး ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းအထိ အမှုတွဲပြန်မကျသေးသဖြင့် အမှုကို ခြောက်လနီးပါးတိုင် စစ်ဆေးနိုင်ခဲ့ခြင်း မရှိပေ။
အမှုကို ကိုင်တွယ်စစ်ဆေးနေသည့် အနောက်ပိုင်းခရိုင် တရားရုံး၊ တွဲဖက်ခရိုင် တရားသူကြီး (၂)က "အမှုတွဲ ပြန်မကျသေးတဲ့အတွက် စစ်ဆေးနိုင်ခြင်း မရှိပါဘူး၊ ရုံးထုတ်ရမန်ယူတာကိုပဲ ဆောင်ရွက်နေ ရပါတယ်" ဟု ပြောသည်။
ပြစ်မှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသဖြင့် စွဲချက်တင်ခံထားရသည့် ပုဒ်မမှ အမြန်ဆုံးလွတ်မြောက်စေလို သည်ဟု စွဲချက်တင်ခံထားရသည့် ကိုဇော်လတ်မော်၏ အစ်ကိုဖြစ်သူ ကိုမင်းဝေမော်က ပြောသည်။
အဆိုပါဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က "တိုင်းတရား ရုံး၊ နေပြည်တော် တရားလွှတ်တော်ဆီမှာ အမှုတွေ ကြန့်ကြာနေတာဟာ တရားသူကြီး အင်အား မလုံလောက်လို့ပါပဲ၊ များပြားလာတဲ့ လူဦးရေတွေနဲ့အမျှ အမှုတွေလည်း များပြားလာတဲ့အတွက် တရားသူကြီးတွေကို တိုးမြှင့်ခန့်ထားသင့်ပါတယ်။" သုံးသပ်ပြောကြားထားသည်။
ပြီးခဲ့သည့် ၂၀၁၃၊ အောက်တိုဘာလ ၁၄ ရက်က ကျောက်တံတားမြို့နယ် အတွင်းရှိ ယခင် ကုန်သည်ကြီးများဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်နိုင်ငံသူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယင်းနေ့တွင်ပင် အလုံမြို့နယ်အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို တွေ့ရှိခဲ့သည်။