ဧရာဝတီတိုင်းအတွင်း သပိတ်စစ်ကြောင်းကျောင်းသားများ၏ လုံခြံုရေး တိုင်းဝန်ကြီးချုပ်အာမခံ

ဧရာဝတီတိုင်းအတွင်း သပိတ်စစ်ကြောင်းကျောင်းသားများ၏ လုံခြံုရေး တိုင်းဝန်ကြီးချုပ်အာမခံ
by -
မဇ္စျိမ

ဧရာဝတီသပိတ်စစ်ကြောင်းတွင်ပါသည့် ကျောင်းသားများ၏ မိဘများကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၅ရက် နံနက် ရနာရီခွဲတွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ခေါ် ယူတွေ့ဆုံကာ ဧရာဝတီတိုင်းအတွင်း ကျောင်းသားများ၏ လုံခြံုရေးကို တာဝန်ယူသော်လည်း ဧရာဝတီတိုင်းကို ကျော်ပါက တာဝန်ယူနိုင်မည်မဟုတ်ဟု ခေါ်ပြောခဲ့သည်ဟု သွားရောက်တွေ့ဆုံခဲ့သည့် မိဘများက မဇ္ဈိမကို ပြောသည်။

"သမ္မတကြီးက အရေးယူခိုင်းရင်တောင် သူ့ကိုပဲ အရေးယူပါလို့ ပြောမယ်လို့ ပြောတယ်။ ရန်ကုန်ရောက်လို့ လူများသွားလို့ တစ်ခုခုဖြစ်ရင် နစ်နာမှုတွေ ဖြစ်မှာစိုးလို့ပါလို့ ပြောတယ်"ဟု ကျောင်းသားသပိတ်တွင်ပါသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူ မချောစုစံ၏ မိခင်က ပြန်လည် ပြောပြသည်။

ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ကျောင်းသား ၅ဦးနှင့် ကျောင်းသားမိဘ ၆ဦးက သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ် သည်။ တွေ့ဆုံရာ၌ ဝန်ကြီးချုပ်အနေဖြင့် ဧရာဝတီတိုင်းအတွင်း ကျောင်းသားများ သွေးမြေမကျစေရန် တာဝန်ယူကြောင်းနှင့် ကျောင်းသားများကို ပြန်လည်ခေါ်စေချင်သည်ဟု မိဘများကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

"မနက်ကျရင် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးဖို့ ပုသိမ်ကို သွားဖို့ရှိတယ်။ ကျွန်မအစီအစဉ်နဲ့ ကျွန်မ သွားမယ်ဆိုတာကိုလည်း သူတို့ စီစဉ်ပေးမယ်။ ကျွန်မမှာ ကျောင်းပို့ဖို့ ကလေးရှိတာကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက သူကိုယ်တိုင် ပို့ပေးမယ် ပြောတယ်။ ဘာကြောင့် ခေါ်ယူဆွေးနွေးတယ် ဆိုတာတော့ မသိရသေးဘူး"ဟု ပုသိမ်တက္ကသိုလ်တွင် တက်ပြီး မြောင်းမြမြို့တွင် နေထိုင်သည့် သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသားတစ်ဦး၏ မိခင် ဒေါ်စန်းစန်းဌေးက ပြောသည်။

တွေ့ဆုံရန် ခေါ်ယူခံရသည့် ပုသိမ်မြို့နေ ကျောင်းသားတစ်ဦး၏ ဖခင် ဦးညီညီအောင်က "ကျောင်းသားတွေ က ကျောင်းသားအခွင့်အရေးကို တောင်းဆိုတာ ဖြစ်တဲ့အတွက် ကျွန်တော် မိဘတစ်ယောက်အနေနဲ့ မကန့်ကွက်ဘူး။ မတားမြစ်ဘူး။ သူတို့က ပညာတတ်တွေဖြစ်ချင်လို့ ပညာရေးစနစ်ကောင်းမွန်အောင်လို့ သူတို့ တောင်းဆိုတာ။ ဒီအပေါ်မှာ အစိုးရက ဖိအားပေးမှုအပေါ်မှာလည်း မိဘတစ်ယောက်အနေနဲ့ သားသမီးကို တားမြစ်တာတွေ၊ ထိန်းချုပ်တာတွေ မလုပ်ဆောင်ပါဘူး" ဟု မဇ္စျိမကို ပြောသည်။

သပိတ်စစ်ကြောင်းတွင် ပါသည့် ပုသိမ်မြို့မှ တက္ကသိုလ်ဝင်တန်းကျောင်းသူ မချောစုစံကို၏ မိဘများကိုလည်း စစ်ကြောင်းမထွက်မီက ကျောင်းအုပ်က ခေါ်ယူတွေ့ဆုံခဲ့သေးသည်။

ဖေဖော်ဝါရီ ၅ရက် နေ့လည်တွင် ဧရာဝတီတိုင်း ကျောင်းသားသပိတ်သည် ပန်းတနော်မြို့နယ် အင်းမရွာသို့ ရောက်ရှိနေပြီး ထိုနေ့ညတွင် ပန်းတနော်၌ နားခိုမည် ဖြစ်သည်။ ယင်းသပိတ်အား ရန်ကုန်မှ ကျောင်းသားများကလည်း လာရောက်ပူးပေါင်းကြသည်။ ကျောင်းသားသပိတ်ကို ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက် ကျေးရွာပြည်သူများက နှုတ်ဆက် ကြိုဆိုကြသည်။