ဗိုလ်ကြီးဟောင်းနေမျိုးဇင် ရုံးမလာနိုင်သဖြင့် တရားရုံးမှ အမှုတင်သွင်းခြင်း လက်မခံ

ဗိုလ်ကြီးဟောင်းနေမျိုးဇင် ရုံးမလာနိုင်သဖြင့် တရားရုံးမှ အမှုတင်သွင်းခြင်း လက်မခံ
by -
မဇ္စျိမ

ရန်ကုန် (မဇ္ဈိမ) ။ ။ ပန်းဘဲတန်းမြို့နယ်တွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွွင့်ထားခြင်း ခံထားရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် အပါအဝင် သုံးဦးတို့ အမှုအတွက် တရားရုံးသို့ အမှုတင်သွင်းခြင်းကို ဦးနေမျိုးဇင်၏ ကျန်းမာရေး အခြေအနေကြောင့် မလာနိုင်ခဲ့သဖြင့် အမှုတင်သွင်းခြင်းကို ဖေဖော်ဝါရီ ၄ရက်တွင် တရားရုံးမှ လက်မခံခဲ့ဟု အမှုကို လိုက်လံ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှနှင့် ဦးသန်းဆွေတို့ သုံးဦးကို ပန်းဘဲတန်းမြို့မရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားပြီး တရားရုံးသို့ တင်ပို့ရာ ဦးနေမျိုးဇင်မှာ ခါးဆစ်ဝေဒနာကြောင့် တရားရုံးသို့ လိုက်မလာနိုင်သဖြင့် မြို့နယ် တရားသူကြီးက အမှုတင်သွင်းခြင်းကို လက်မခံခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က "ဦးနေမျိုးဇင်က ခါးဆစ်ရောဂါကြောင့် ရုံးမထုတ်လာနိုင်တဲ့အတွက် အမှုတင်သွင်းတာကို တရားရုံးက လက်မခံတာပါ၊ တခြား မြို့နယ်တွေအတွက်လည်း သူရုံးမလာနိုင်ရင် လက်ခံနိုင်မှာ မဟုတ်ပါဘူး" ဟု ပြောသည်။

လက်ပံတောင်းပဋိပက္ခနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် ခန်းမရှေ့မှ တရုတ်သံရုံးရှေ့သို့ ချီတက်ဆန္ဒပြရာ ဦးနေမျိုးဇင်တို့ သုံးဦးကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံမြို့နယ် ရဲစခန်းတို့မှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဦးနေမျိုးဇင်အပါအဝင် ရ ဦးကို ဒဂုံမြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ)အပါအဝင် ပုဒ်မပေါင်း ခုနစ်ခုဖြင့် ဒဂုံတရားရုံးတွင် တရားစွဲဆိုထားပြီး ဦးနေမျိုးဇင်သည် ခါးဆစ်ဝေဒနာကြောင့် ဖေဖော်ဝါရီ ၂ ရက်က ရုံးချိန်း၌လည်း တရားရုံးတွင်းသို့ ဝင်ရောက် စစ်ဆေးခံနိုင်ခြင်းမရှိဘဲ ရုံးပြင်၌သာ အနားယူနေခဲ့ရသည်။