အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာနရုံးတွင် ပြုလုပ်မည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲပျက်မှုအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက ကန့်ကွက်လိုက်ပြီး လေးပွင့်ဆိုင် ဆွေးနွေးမှုအပြင် ဖြေရှင်းရန် အခြားနည်းလမ်းမရှိဟု ၈၈ မျိုး ဆက် ငြိမ်း/ပွင့် ဦးဂျင်မီက ပြောဆိုလိုက်သည်။
ဦးဂျင်မီက ''ပျက်သွားတယ်ဆိုတာကို ကျွန်တော်တို့ သဘောမတူဘူးဗျာ။ ဘာကြောင့်ပဲပျက်ပျက် ဒီကိစ္စဟာ မဖြစ်သင့်တဲ့ ကိစ္စ။ ဒီတွေ့ဆုံညှိနှိုင်းအဖြေရှာမှုကို အမြန်ဆုံးလုပ်၊ ဒါပဲဗျာ'' ဟု ဖေဖော်ဝါရီ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
အမျိုးသားပညာရေးဥပဒေအပေါ် ကျောင်းသား၊ အစိုးရ၊ လွှတ်တော်နှင့် မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့ ပါဝင်သည့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးတွင် စီစဉ်ထားသော်လည်း ညှိနှိုင်းမှုများမပြေလည်ဘဲ ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) နောက်ပိုင်းမှသာ ဆွေးနွေးရန် သမ္မတမှတ်ချက်ဖြင့် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
ဦးဂျင်မီက ''ဒီနည်းနဲ့ အဖြေရှာဖို့ပဲ စဉ်းစားစေချင်တယ်။ တခြားနည်းလမ်းမရှိဘူး။ အမြန်ဆုံးဆွေးနွေးဖို့ လိုတယ်။ ဒီနည်းနဲ့ အမြန်ဆုံး အဖြေရှာလိုက်ရင် ပြီးသွားမှာပဲ။ ကျောင်းသားတွေ တောင်းဆိုနေတာကလည်း ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး တစ်ခုတည်းကို ဦးတည်ပြီး တောင်းဆိုနေတာပါ'' ဟု ဆိုသည်။
ဆွေးနွေးပွဲကို အစိုးရက ရွှေ့ဆိုင်းလိုက်သည့်အတွက် ကျောင်းသားများ၏ သပိတ်မှောက်စစ်ကြောင်းဖြစ်သည့် မန္တလေးသပိတ်စစ်ကြောင်းနှင့် ဧရာဝတီသပိတ်စစ်ကြောင်းမှာလည်း ရန်ကုန်သို့ ချီတက်လာနေပြီ ဖြစ်သည်။
ဦးဂျင်မီက ''ကျွန်တော်တို့ စိတ်ပူနေတာ တစ်ခုက ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို တစ်ခုခုဝင်ပြီး တံဆိပ် ကပ်မှာ စိတ်ပူတယ်။ အဲ့ဒါကို အကြောင်းပြပြီးတော့ တစ်ခုခုလုပ်လိုက်မှာကိုလည်း စိတ်ပူတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် အကြမ်းဖက်မှုတွေ ကျွန်တော်တို့လက်မခံဘူးဗျာ'' ဟု ပြောသည်။
လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့် အမျိုးသားပညာရေးဥပဒေအပေါ် ကန့်ကွက်သပိတ်မှောက်နေသည့် ကျောင်းသားများ၏ လှုပ်ရှားမှုအပေါ် ထောက်ခံသည်ဟုလည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဇန်နဝါရီ ၂၆ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။