ချင်းပြည်နယ်အစိုးရ၏ ဘာသာရေးဆိုင်ရာ ကိုင်တွယ်မှု ချင်းကျောင်းသားအဖွဲ ့မှ ရှုတ်ချ

ချင်းပြည်နယ်အစိုးရ၏ ဘာသာရေးဆိုင်ရာ ကိုင်တွယ်မှု ချင်းကျောင်းသားအဖွဲ ့မှ ရှုတ်ချ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်၊ ဟားခါးမြို့ ဆုတောင်းပြည့်တောင်ကုန်ပေါ်တွင် စိုက်ထူထားသော လက်ဝါးကားတိုင် ပြောင်းရွှေ့ ရန် အမိန့်ထုတ်ပြန်ချက် ပြန်လည် ရုပ်သိမ်းခြင်းကို ကြိုဆိုသော်လည်း ထိုနေရာအနီးတွင် ဗုဒ္ဓဘာသာစေတီ တည်ရန် ချင်းပြည်နယ် အစိုးရ၏ ဆုံးဖြတ်ချက်ကိုမူ ပြင်းထန်စွာရှုတ်ချသည်ဟု ကလေးမြို ့ရှိ ချင်းကျောင်းသား သမဂ္ဂ ( Chin Students Union- CSU)က ဖေဖေါ်ဝါရီလ ၄ရက်နေ့က ပြောဆိုလိုက်သည်။

ချင်းပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၆၄)နှင့် မညီသဖြင့် ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာအကြား မလိုလားအပ်သော ပြသနာဖြစ်စေနိုင်သည့်အပြင် ဒို့တာဝန်အရေး သုံးပါးထဲမှ တစ်ပါးဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း ထိပါးစေနိုင်၍ ယင်းလုပ်ဆောင်ချက် အပေါ် ရှုတ်ချသည်ဟု ဖေဖော်ဝါရီလ ၄ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ချင်းကျောင်းသားသမဂ္ဂ အဖွဲ့၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်အစိုးရသည် ဒေသခံချင်းခရစ်ယာန်ပြည်သူများ၏ လိုအင်ဆန္ဒကို လိုက်လျောပြီး ၎င်းတို့ ထုတ်ပြန်ထားသော အမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်းမျိုးမဟုတ်ဘဲ လက်ဝါးကားတိုင်စိုက်ထူထားသော နေရာ အနီးတွင် စေတီတဆူ တည်နိုင်ရေး ဖန်တီးယူခြင်းသာဖြစ်သည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ခရစ်ယာန်ဘာသာဝင် ၈၅ ရာခိုင်နှုန်းကျော်ရှိသော ချင်းပြည်နယ်တွင် အစိုးရခေတ်အဆက်ဆက်မှ လက်ဝါးကားတိုင်ပေါင်း (၉)ခု ဖျက်ဆီးခံခဲ့ရပြီး ဦးဟုန်းငိုင်းဦးဆောင်သော ချင်းပြည်နယ် အစိုးရ သစ်လက်ထဲ၌ လက်ဝါးကားတိုင်(၄)ခု ဆက်လက် ဖျက်ဆီးခံရပြီး ယင်းလုပ်ရပ်များအပေါ် ချင်းကျောင်းသားများ အနေဖြင့် စိုးရိမ်မိကြောင်း ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၆၂)အရ အသိအမှတ်ပြုထားသော ချင်းပြည်နယ်ရှိ ဘာသာ၊ သာသနာများအား ပုဒ်မ(၃၆၃)အရ ပြည်နယ်အစိုးရမှ ကူညီစောင့်ရှောက်သင့်သော်လည်း ချင်းပြည်နယ်အစိုး ရ၏ လုပ်ရပ်သည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း စိတ်ဝမ်းကွဲစေခြင်းလုပ်ရပ်ဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့်လည်း လုံးဝဆန့်ကျင်နေသည် ဟု ထောက်ပြထားသည်။

ယခုလက်ရှိဖြစ်ပေါ်နေသော ဟားခါးမြို့ လက်ဝါးကားတိုင်ကိစ္စနှင့်ပတ်သက်၍လည်း ဟားခါးခရစ်ယာန်ပြည်သူ များ နှင့် Hakha Christian Ministry Fellowship (HCMF) တို့၏ တောင်းဆိုထား သည့်အတိုင်း ပြည်နယ်အစိုးရမှ လိုက်လျော ပေးခြင်းမရှိပါက ချင်းကျောင်းသားများအနေဖြင့် ချင်းခရစ်ယာန်ပြည်သူများနှင့်လက်တွဲပြီး လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည် ဟု အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့သည် ဇန်နဝါရီလ ၃၀ ရက်နေ့က အရေးပေါ်အစည်းအဝေးတရပ်ကျင်းပပြုလုပ်ပြီး ဟားခါးမြို့ ဆုတောင်းပြည့်တောင်ကုန်ပေါ်ရှိ လက်ဝါးကားတိုင်ကို ပြောင်းရွှေ့ဖယ်ရှားခြင်း မလုပ်တော့ဘဲ ယခင်အတိုင်းထားရှိရန် ဆုံးဖြတ်ခဲ့ကြပြီး လက်ဝါးကားတိုင်အနီးတဝိုက်တွင် ယခင်က ဗုဒ္ဓဘာသာဝင်များ၏ တောင်းဆိုခဲ့သည့်အတိုင်း စေတီတည်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။