ရိုဟင်ဂျာဟု သုံးသည့် မစ္စ ရန်ဟီလီ နိုင်ငံ၏ အချုပ် အခြာအာဏာကို စွက်ဖက်သည်ဟု အစိုးရထုတ်ပြန်

ရိုဟင်ဂျာဟု သုံးသည့် မစ္စ ရန်ဟီလီ နိုင်ငံ၏ အချုပ် အခြာအာဏာကို စွက်ဖက်သည်ဟု အစိုးရထုတ်ပြန်
by -
မဇ္စျိမ

 မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူအများစုက ကန့်ကွက်နေသည့်ကြားမှ ရိုဟင်ဂျာဟု သုံးနှုန်းခဲ့သည့် ကုလသမဂ္ဂသို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီသည် တိုင်းပြည်အချုပ်အခြာအာဏာနှင့် ပြည်တွင်း တရားစီရင်ပိုင်ခွင့်ကို စွက်ဖက်သည်ဟု ဖေဖော်ဝါရီ ၄ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် အစိုးရက အတိအလင်း ထုတ်ပြန်လိုက်သည်။

သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေး၏ လူမှုကွန်ယက် စာမျက်နှာတွင် ထုတ်ပြန်ချက်နှင့် အတူ ယှဉ်တွဲ၍ "တပ်မတော်အစိုးရ လက်ထက်မှာဆိုရင် အထူးအစီရင်ခံစာတင်သွင်းသူကို ပြည်ဝင်ခွင့်တောင်ပေးခဲ့တာ မဟုတ်ပါဘူး" ဟု ရေးသားခဲ့သည်။

မစ္စယန်ဟီးလီအသုံးပြုခဲ့သည့် ရိုဟင်ဂျာ အသုံးအနှုန်းကို မြန်မာအစိုးရက အတိအလင်း ပယ်ချပြီး၊ မည်သည့်အချိန်အခါတွင်မဆို မသုံးနှုန်းခဲ့ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စု ၁၀၀ကျော်တွင်လည်း ပါဝင်မှု မရှိသည့်အပြင် ဗြိတိသျှ ကိုလိုနီခေတ်က ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းတွင်လည်း ပါဝင်ခဲ့ခြင်းမရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည်။

"အငြင်းပွားဖွယ်အသုံးအနှုန်းကို ထပ်တလဲလဲ အသုံးပြုနေခြင်းက အရေးကြီးတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ အဟန့်အတားသာ ဖြစ်စေပါတယ်။ ကုလသမဂ္ဂမှ ဤအသုံးအနှုန်း အသုံးပြုမှုက မြန်မာပြည်သူများ၏ မကျေမချမ်းဖြစ်မှုကို မလွဲမသွေ ဖြစ်ပေါ်စေပြီး၊ အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှုများကို ပိုမိုခက်ခဲစေတယ်" ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားခဲ့သည်။

ယင်းအပြင် မျိုးစောင့်ဥပဒေများနှင့် ပက်သက်ပြီး မစ္စ ရန်ဟီလီက ပြည်တွင်း ဥပဒေပြုရေး လုပ်ငန်းစဉ်၏ ရလဒ်များအပေါ် ကြိုတင် မှန်းဆပြောဆိုခြင်း၊ ဝေဖန်ခြင်းများသည် ပြည်သူများ၏ သဘောထားအမြင်အပေါ် လွှမ်းမိုးသြဇာ သက်ရောက်မှု ရှိစေရန်၊ ပြည်သူများအကြား လှုံ့ဆော်မှု ရှိစေရန် ကြိုးစားသည်ဟု ထုတ်ပြန်ချက် တွင် ပါရှိသည်။

လူ့အခွင့်အရေး ပတ်သက်ပြီး လှုပ်ရှားသူ ညီမျှခြင်း မြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက "အစိုးရက ရန်ဟီလီအစီရင်ခံစာနောက်ဆုံးက ဘာသာရေးအပေါ် အခြေခံမုန်းတီးမှုတွေက ဖြစ်ပေါ်တဲ့ ပဋိပက္ခ တွေကို တားဆီးခြင်း မရှိဘူးဆိုတဲ့အပေါ်မှာ  အစိုးရက ကန့်ကွက်တယ်လို့ ထင်တယ်" ဟု ဆိုသည်။

မြေယာပြဿနာများ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စတို့ကို နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးနေသည်ဟုလည်း အစိုးရက ဖြေရှင်းထားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောင်ရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှုး ဦးဘိုကြည်က "သူတို့ နိုင်ကျဉ်းကိစ္စ ဖြေရှင်းတယ်ဆိုတာက ၂၀၁၃ခုနှစ်တုန်းကပဲ ဖြစ်မယ်။ ၂၀၁၄၊ ၂၀၁၅မှ လုံးဝမဟုတ်ဘူး၊ နိုင်/ကျဉ်းရေးရာ ကော်မတီဖွဲ့ပေမယ့် ဘာမှ အလုပ်မလုပ်ဘူး၊ နိုင်ကျဉ်းဦးရေအပြင်၊ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မ ၁၈၊ ၁၉၊ လယ်သမားတွေကို ပုဒ်မ ၄၄၇၊ ၄၂၇တို့နဲ့ တရားစွဲတာကလည်း တိုးနေတယ်" ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်အစိုးရက တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားနှင့် လယ်သမား ၁၆၀ကျော်ကို စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈၊ ၁၉၊ ပိုင်နက်ကျူးလွန်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု စသည့်အမှုတို့နှင့် ထောင်အတွင်း ဖမ်းဆီးထားသည့်အပြင် ၂၀၀ကျော်မှာ အဆိုပါအမှုများဖြင့်ပင် တရားရင်ဆိုင်နေရသည်။

ထုတ်ပြန်ချက်တွင် သတင်းသမားများကို ဖမ်းဆီးထောင်ချမှုများလုံးဝမရှိပဲ နိုင်ငံတော်၏ လုံခြံုရေးအရ တားမြစ်နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်းကဲ့သို့သော ဥပဒေကျူးလွန်မှုများကြောင့် အရေးယူခြင်း ဖြစ်ပါကာ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ချိုးဖောက်သည့် မည်သူ့ကိုမဆို မည်သည့် နိုင်ငံကမျှ သည်းခံလိမ့်မည်မဟုတ်ပဲ လက်ရှိ မီဒီယာလွတ်လပ်ခွင့် အခြေအနေကို ဒေသတွင်းသာမက ကမ္ဘာ့နိုင်ငံများတွင်ပါ နှိုင်းယှဉ်ကြည့်နိုင်သည်ဟုလည်း ပါရှိသည်။

မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၆ရက်မှ ၁၆ရက်အထိ လာရောက်ခဲ့သည့် မစ္စ ရန်ဟီလီ၏  ခရီးစဉ်အပြီး ဇန်နဝါရီလ ၂၁ ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံသည် ဘာသာရေး၊ လူမျိုးရေး၊ တစ်ခုနှင့် တစ်ခုအကြား အမုန်းပွားစေမည့် မည်သည့် လုပ်ဆောင်ချက်၊ ပြောကြားချက်များကိုမျှ လက်ခံအားပေးမည် မဟုတ်ကြောင်းပါရှိသည်။