မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် အကြား တအာင်းတပ်မတော်(TNLA)က ဖေဖော်ဝါရီ ၂ရက်နှင့် ၃ရက်တွင် ဘိန်းခြံများ လိုက်လံဖျက်ဆီးနေချိန် အစိုးရတပ်မတာ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ တအာင်းကျေးရွာသား ၂၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တအာင်းအမျိုး သမီးအဖွဲ့အစည်းနှင့် တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်က ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။
ယင်းတိုက်ပွဲကြောင့် တအာင်းကျေးရွာ ၅ ရွာ အပါအဝင် လီရှောရွာနှင့် တရုတ်ကျေးရွာများ စုစုပေါင်း ၁၀ ရွာခန့်မှ လူဦးရေ ၂၀၀၀ ကျော် မိုးကုတ်မြို့နှင့် မိုးကုတ်မြို့အနီးရှိ တောတောင်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဒီဒီပို့ကျိန်းက ပြောသည်။
“ရွာသားတွေက အခုလောလောဆယ်။ မိုးကုတ်မြို့နယ်မှာရှိတဲ့ တအာင်းဘုန်းကြီးကျောင်း သုံးကျောင်းမှာ လာခိုလုံနေတယ်။ တချို့က လမ်းမှာ သွားနေတုန်းပဲ။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ မိုးကုတ်မြို့ကို ကားနဲ့သွားနေတုန်းပဲ။ တချို့ နီးစပ်ရာအမျိုးတွေမှာ သွားခိုလုံနေတာရှိတယ်။ တော်တော်များများက ဘုန်းကြီးကျောင်းမှာပဲ။ လောလောဆယ် ဘုန်းကြီးတွေက ထမင်းကျွေးနေတယ်။ ဒါပေမဲ့ ရေရှည်က ဘုန်းကြီးတွေလည်း တတ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ ဝိုင်းပြီး အလှူရှင်တွေ ရှာရမှာပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မိုးကုတ်မြို့နယ် ဘန်းထီလာကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရ၍ သေဆုံးခဲ့သည်ဟု သူက ပြောသည်။
ထို့ပြင် နှစ်ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျောင်းသား ၂ ဦး၊ ရွာသား ၃ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရသည်။ ယင်းအပြင် အတန်းတင် စာမေးပွဲဖြေဆိုရန် ရက်ပိုင်းသာလိုသည့် အချိန်တွင် ကျောင်းများ ပိတ်ထားရသဖြင့် ကလေးများ ပညာရေး ထိခိုက်သည့်အပြင် ဒဏ်ရာရရှိသော ကျောင်းသားများ အတွက်လည်း ထိခိုက်နစ်နာရသည့်အတွက် ယင်းတိုက်ခိုက်မှုများကို ချက်ချင်းရန်ရန် နှင့် အစိုးရက တာဝန်ယူ ဖြေရှင်းရန် ပူးတွဲထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
“ပထမဦးဆုံးအနေနဲ့ အင်အားအလုံးအရင်သုံးပြီးမှ ဖိအားပေးထိုးစစ်ဆင်တာ လုံးဝ ရပ်တန့်ဖို့၊ ပြည်တွင်းစစ်ကို စစ်သုံးရဟတ်ယာဉ်၊ ဂျက်လေယာဉ်တွေနဲ့ မြန်မာနိုင်ငံသားအချင်းချင်း ဒီလိုတိုက်နေတာက လုံးဝ ရှုတ်ချတယ်။ ဒါတွေ ရပ်နေပေးဖို့ တောင်းဆိုချင်တယ်။ ဘာလို့လဲဆိုတော့ အခုလက်ရှိ မိုးမိတ်လေယာဉ်ကွင်းမှာ စစ်သုံး ရဟတ်ယဉ် အရံ ၃စီး အခုထိ နေရာချထားတယ်။ အချိန်မရွေးသွားတိုက်မယ့် အခြေအနေရှိနေတယ်။ အဲဒါတွေ လုံးဝ မသုံးဖို့ တောင်းဆိုတယ်”ဟု ဒီဒီပို့ကျိန်းက ပြောသည်။
စစ်ရဟတ်ယဉ် အသုံးပြုနေခြင်း၊ လက်နက်ကြီး အသုံးပြုခြင်း၊ ပြည်သူလူထုကို အလွယ်တကူ ထိခိုက်သေဆုံးစေသည့်အပြင် အပြည်ပြည်ဆိုင်ရာ ဂျီနီဗာစာချုပ်ကို လိုက်နာရန် ပျက်ကွက်နေသောကြောင်း ပြင်ထန်စွာ ကန့်ကွက်ကြောင်းပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်ဖက်တွင်းလည်း အစိုးရ တပ်မတော်ဘက်က နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် TNLA အဖွဲ့မှ အင်အား ၂၀ခန့်ဖြင့် ထိပ်တိုက်တွေ့ရာမှ နှစ်ဖက် ဖေဖော်ဝါရီ ၂ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး TNLAအဖွဲ့မှ မိုးကုတ်-မိုးမိတ် ကားလမ်းပေါ်တွင် လုံခြံုရေးယူထားသည့် အစိုးရ၏ လွယ်ဆာစခန်းအား လက်နက်ကြီးငယ်များဖြင့် လာရောက်ပစ်ခတ်၍ တပ်မတော်မှ စစ်သည်တစ်ဦး ကျဆုံးခဲ့သည်ဟု ဖေဖော်ဝါရီ ၃ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ ထို့ပြင် ဖေဖော်ဝါရီ ၃ရက်တွင်လည်း ထပ်မံ တိုက်ပွဲဖြစ်ခဲ့ပြီး အစိုးရတပ်မှ စစ်သည် ၄ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုထားသည်။
ဖေဖော်ဝါရီလ ၄ ရက်တွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း နံနက် ၉ နာရီ ဝန်းကျင်တွင် အစိုးရ စစ်တပ်က မိုးကုတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာအနီး TNLA တပ်စခန်းချနေရာသို့ ဗုံးကျဲပစ်ခတ်မှုများ ရှိခဲ့သည်ဟု TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။
“ဒီနေ့က ပစ်ခတ်တာတော့ မရှိဘူး။ ဒီမနက် ၉ နာရီမှာ ကျွန်တော်တို့နေတဲ့ တောင်းကုန်းပေါ်မှာ ဂျက်လေယဉ်နဲ့ ဗုံးနှစ်လုံး လာကျဲပါတယ်။ ရွာသားတွေ နီးစပ်ရာ မိုးကုတ်မြို့သို့ ထွက်ပြေးလာတာတော့ ကြားတယ်။ တိုက်ပွဲက ဆက်ဖြစ်ဖို့ ရှိနေတယ်။ အစိုးရက မနေ့က ဖြစ်တဲ့ စစ်ကြောင်းအပြင် ဒီနေ့လည်း အင်အား ၅၀၀၊ ၆၀၀ လောက် ရောက်ရှိလာတယ်”ဟု ၎င်းက ပြောသည်။
မိုးကုတ်အခြေစိုက်၊ မိုးမိတ်အခြေစိုက်တပ်၊ မန္တလေးတောင်ခြေ အခြေစိုက်တပ် စုစုပေါင်း အင်အား ၁၀၀၀ ကျော်အပြင် စစ်တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ် ၂စီးနှင့် ဂျက်လေယာဉ် ၁စီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အများအပြား ရှိနေသည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၂ရက်က အစိုးရစစ်တပ်က လေယာဉ်များသည် တအာင်းဒေသ မိုးကုတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာနှင့် ရွှေသာယာစစ်စခန်းကျေးရွာအနီးတွင် TNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ရ၁၇ နှင့် မိုးမိတ်မြို့ အခြေစိုက် ခလရ ၂၂၃တပ်တို့အကြား နံနက် ၈နာရီကျော်မှ ညနေ ၅ နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲတွင် အစိုးရဘက်မှ ၉ဦး ကျဆုံးပြီး TNLAဘက်မှ တစ်ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။