အမျိုးသားပညာရေး ဆွေးနွေးပွဲ ပျက်

အမျိုးသားပညာရေး ဆွေးနွေးပွဲ ပျက်
by -
မဇ္စျိမ

ကျောင်းသားများ သပိတ်ဆက်မှောက်မည်

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ဖေဖော်ဝါရီ ၃ရက်တွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန၌ ပြုလုပ်မည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲပျက်ကာ ပြည်ထောင်စုနေ့ နောက်ပိုင်းသို့ ရက်ရွှေ့ပြောင်းလိုက်သည့်အတွက် နယ်အသီးသီးမှာရှိသည့် သပိတ်စစ်ကြောင်းများကို ၁၅ဦးကော်မတီက ဦးဆောင်ပြီး ရန်ကုန်အထိ ပြန်လည်ချီတက်သွားမည်ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ပညာ ရေးဝန်ကြီးဌာနရုံးရှေ့ ရှင်းလင်းပွဲတွင် ပြောသည်။

''လက်ရှိ ဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ အသိအမှတ်ပြုမှုကို ၁၅ ဦး ကော်မတီက ယူလာခဲ့ပါဆိုတဲ့ အပြောမျိုးကို သူ(ဦးအောင်မင်း)က ပြောတယ်။ လက်ရှိလည်း ဒီ ၁၅ဦး ကော်မတီက သပိတ်စစ်ကြောင်းကို ဦးဆောင်နေတဲ့ သူတွေ ဖြစ်တယ်။ သူတို့ကို ဘယ်လိုသက်သေပြမလဲဆိုတော့ လက်ရှိထွက်နေတဲ့ စစ်ကြောင်းတွေ အကုန်လုံးကို ပြန်ထွက်မယ်။ လက်ရှိ သပိတ်စစ်ကြောင်း အားလုံးကို ၁၅ ဦးကော်မတီက ဦးဆောင်ပြီးတော့ သပိတ်စစ်ကြောင်း ပြန်ဖော်မယ်'' ဟု ကျောင်းသားခေါင်ဆောင်တစ်ဦးဖြစ်သည့် ကိုပိုင်ရဲသူက ပြောသည်။

ပညာရေးဝန်ကြီးဌာနရုံးတွင် လေးပွင့်ဆိုင်ဆွေးနွေးရေးအတွက် ပြင်ဆင်ထားသော်လည်း ကျောင်းသားများနှင့် NNERအဖွဲ့တွင် မူလစာရင်းများ ပေးထားသည့် အရေအတွက်ထက် ပိုလျှံသည့်အတွက် ဆွေးနွေးပွဲခန်းမ ကျဉ်းသည်ဟု ပညာရေးဝန်ကြီးဌာနက အကြောင်းပြသည့်အတွက် ညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်သော်လည်း မအောင်မြင်ဘဲ ဆွေးနွေးပွဲ ပျက်ခဲ့ရသည်။

ပြည်ထောင်စုနေ့နောက်ပိုင်း

အမျိုးသားပညာရေးဥပဒေအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ပြည်ထောင်စုနေ့နောက်ပိုင်း ကျောင်းသားများ ရွေးချယ်မည့် ရက်တွင် ပြန်လည်စတင်ရန် စီစဉ်ဆောင်ရွက်မည်ဟု သမ္မတ၏ သဘောဆန္ဒအရ ထုတ်ပြန်ကြေညာလိုက်သည်။

ထိုသို့ ရက်ပြောင်းရွှေ့မှုကို သပိတ်စစ်ကြောင်း ကျောင်းသားခေါင်းဆောင် ၁၅ ဦးက ပွင်လင့်မြင်သာမှု မရှိဘူးဟု ပညာရေးဝန်ကြီးဌာနရုံးရှေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

''တန်းတူညီမျှမှု တရားမျှတမှုမရှိဘူး။ အစိုးရဘက်က သူတို့ခေါ်ချင်တဲ့အချိန် ခေါ်တယ်။ သူတို့ ရွှေ့ချင်တဲ့ အချိန် သူတို့ရွှေ့တယ်''ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ကိုအောင်မှိုင်းဆန်းက ယင်းရှင်လင်းပွဲတွင် ပြောသည်။

ဆွေးနွေးပွဲကို နေပြည်တော်တွင် ပြုလုပ်ခြင်းသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေစေရေးအတွက် လာရောက်သော်လည်း အစစအရာရာ တာဝန်ယူပေးမှု မရှိဘူးဟု ကျောင်းသားများက ဆိုသည်။ ကျောင်းသားများကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားမည်ဟု ကတိပြုထားသော်လည်း လက်တွေ့တွင် ဝင်ရောက်တည်းခိုခွင့်ပင် မရရှိဘဲ အချို့ကျောင်းသားများမှာ ကားပေါ်တွင်သာ အိပ်ခဲ့ရသည်။

နားခွင့်မပေး

နေပြည်တော်လေးပွင့်ဆိုင် ဆွေးနွေးပွဲသို့ လာရောက်သည့် ကျောင်းသားသုံးဆယ်ကျော်သည် ဆွေးနွေးပွဲ ရက်ရွှေ့လိုက်သည့်အတွက် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု မှန်ကျောင်းတွင် ခေတ္တနား ရန်သွားရောက်ခဲ့သော်လည်း သက်ဆိုင်ရာ ရဲဝန်ထမ်းများက လုံခြံုရေးယူထားပြီး တားမြစ်ခဲ့သည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်က ခွင့်ပြုခဲ့သော်လည်း ကျောင်းသားများသည် သက်ဆိုင် ရာက ခွင့်ပြုချက်မရသည့်အတွက် နားနေရန်မရရှိခဲ့ဟု သိရသည်။

လွှတ်တော်သဘောထား

ပညာရေးလေးပွင့်ဆိုင်ကို ပြည်ထောင်စုနေ့နောက်ပိုင်းကို ပြောင်းရွှေ့လိုက်ခြင်းသည် အချိန်ကာလအများကြီး ပြောင်းရွှေ့လိုက်ခြင်း မဟုတ်သည့်အတွက် နိုင်ငံတော်အတွက် အရေးကြီးပြီး တည်ငြိမ်အေးချမ်းဖို့အတွက် ထိုက်သင့်သည့် စောင့်ဆိုင်းမှုမျိုး လိုအပ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ပြည်ထောင်စုလွှတ်တော် ရှင်းလင်းပွဲတွင်ပြောသည်။

''လွှတ်တော်ဥက္ကဋ္ဌများ၏ စေလွှတ်ချက်အရ လွှတ်တော်ကိုယ်စားလှယ် ၁၅ဦး လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။ ရန်ကုန်မြို့တွင် ဆွေးနွေးမှုများအရ လွှတ်တော်နှင့် သက်ဆိုင်သည့် အချက်နှစ်ချက်ကို ဆွေးနွေးလျက်ရှိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

''သပိတ်လမ်းကြောင်းနဲ့ ဆွေးနွေးပွဲလမ်းကြောင်းကို ဆက်စပ်ထားတယ်။ ဒါဖိအားတစ်ခုပဲ ကျောင်းသား တွေ ကို ဖိအား ဘယ်သူပေးနေလဲ မသိဘူး။ ကိုယ်တွေလည်း အဲ့ဒီ့အတွက် ဖိအားမိသွားတယ်'' ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြောသည်။

NNER ကဘာလဲ

ပညာစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)အဖွဲ့သည် ပညာရေးပြုပြင်ပြောင်းလဲရေးကို လိုလားသည့် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စုပေါင်းခေါင်းဆောင်သော အဖွဲ့အစည်းတစ်ခုဖြစ် သည်ဟု ဒေါက်တာသိန်းလွင်က ပြောသည်။

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက NNERအဖွဲ့သည် မည်သူတွေ ဦးဆောင်ပြီး လုပ်ဆောင်နေသည်ကို ရှင်းပြရန် ပြောဆိုခဲ့သည်။

သပိတ်စစ်ကြောင်းတွေ ထွက်ပြီ

လက်ရှိတွင် မန္တလေးသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁ရက် ဆွေးနွေးပွဲနေ့တွင် ရပ်နားခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်မှ စတင်၍ ထွက်ခွာခဲ့ရာ မကွေးမြို့သို့ ရောက်ရှိပြီဖြစ်ပြီး ဖေဖော်ဝါရီ ၃ရက် ညတွင် မကွေးမြို့ ကပ်ကျော်ဘုန်းကြီးကျောင်းတွင် နားခိုမည်ဖြစ်သည်။

အလားတူ ဧရာဝတီတိုင်း ကျောင်းသားသပိတ်သည်လည်း ကျောင်းသားအင်အား ၄ဝ ခန့်ဖြင့် ပုသိမ်မြို့မှ ဖေဖော်ဝါရီ ၃ရက်တွင် စတင်ထွက်ကာ ကန်ကြီးထောင့်မြို့တွင် နားမည် ဖြစ်သည်။ သပိတ်စစ်ကြောင်းအတွင်း ကျောင်းသားများက ပုသိမ်တက္ကသိုလ်အတွင်း ဝင်ရောက်ဟောပြောပြီး ကြွေးကြော် ချိန်တွင် ပုသိမ် တက္ကသိုလ်မှ ဆရာတစ်ဦးကလည်း ဝင်ရောက်ကြွေးကြော်ခဲ့သည်။ အဆိုပါ ကျောင်းသားသပိတ် သည် ဖေဖော်ဝါရီ ၄ ရက်တွင် ကျောင်းကုန်းမြို့သို့မှတစ်ဆင့် ရန်ကုန်သို့ ချီတက်မည်ဖြစ်သည်။

Most read this week