နေပြည်တော် (မဇ္ဈိမ)။ ။ မြို့အမည်နှင့် ကျေးရွာအမည်များတွင် ပါတီတစ်ခုအမည်များ ထည့်သွင်းကာ တရားဝင် ဆိုင်းဘုတ် တပ်ဆင်ထားခြင်းကို တည်ဆဲဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချူပ် ကျော်ဇံမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအမည်များ ပြောင်းလဲပြင်ဆင်မည်ဆိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာလျှင် ပြောင်းလဲခွင့်ရှိသည်ဟု ဆိုသည်။
''ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ အတည်ပြုထားတဲ့ အမည်စာရင်းအတိုင်း လိုက်နာဖို့ ညွှန်ကြားသွားမှာပါ။ ဒီလိုဆောင်ရွက်တဲ့ အခါ အမိန့်တွေ ညွှန်ကြားချက်နဲ့ ဆောင်ရွက်ပြီးတော့ အကယ်၍ ဒီလို ဆောင်ရွက်ခြင်းမရှိဘူးဆိုရင် တည်ဆဲ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက် သွားပါမယ်'' ဟု ဒုတိယ ဝန်ကြီးက ဖြေကြားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တရားဝင်ခွင့်မပြုထားသော ဆိုင်းဘုတ်များ တင်ဆောင် ထားခြင်းသည် အချိန်အားဖြင့် ကြာမြင့်ပြီ ဖြစ်သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ပြည်သူများအကြား အငြင်းပွားမှုများ အမြဲတစေ ဖြစ်ပေါ်နေခြင်းကြောင့် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းမေးမြန်းမှုကို ဒု-ဝန်ကြီးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
''အင်အားကြီးပါတီတစ်ခုရဲ့ အနိုင်ကျင့်နေသလိုမျိုး ပြည်သူလူထုစိတ်မှာ ဖြစ်ပေါ်နေတဲ့အတွက် တရားဝင် ခွင့်ပြုထားတာ မရှိဘူးဆိုရင် ဒီဆိုင်းဘုတ်တွေကို ဘယ်လိုလုပ်ပေးမလဲဆိုတာ သဲသဲကွဲကွဲသိအောင် ဖြေကြားပေးပါ'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ထပ်ဆင့်မေးမြန်းခဲ့သည်။
ယင်းမာပင် ပြည်ခိုင်ဖြိုးမြို့၊ ဆားလင်းကြီး ပြည်ခိုင်ဖြိုးမြို့၊ သရက်ကန် ပြည်ခိုင်ဖြိုးစံပြကျေးရွာ၊ ကျောက္ကာမြောက် ပြည်ခိုင်ဖြိုးစံပြကျေးရွာ၊ ပုလဲ ပြည်ခိုင်ဖြိုး စံပြကျေးရွာများကို ပရိုဂျက်တာဖြင့် ဓာတ်ပုံ မှတ်တမ်းများပြသ၍ မေးမြန်းခြင်း ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကြီးအကဲတစ်ဦးဖြစ်သူ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ''ပါတီ ခေတ်မှာ တင်တာ မဟုတ်ဘူး၊ ဟိုးအရင်တုန်းက ပြည်ခိုင်ဖြိုး အသင်းတုန်းက ရွာတွေကနေပြီးတော့မှ သဘောတူတယ်ဆိုပြီး သူတို့တင်ကြတာပဲလေ။ အဲ့ဒါ အသင်းတုန်းက ကိစ္စတွေပါ။ပါတီခေတ်မှာတော့ မတင်ပါဘူး။ ကျွန်တော် သိထားတာတော့ မရှိပါဘူး''ဟု မီဒီယာများကို ပြောသည်။
သို့ရာတွင် ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကမူ ''ကြံ့ခိုင်ရေးအသင်းတုန်းက သူတို့ ကမကထလုပ်တယ်ဆိုပြီးတော့ အသင်းတုန်းက တင်မကပဲ ပါတီဖြစ်ပြီးတဲ့နောက် လုပ်ချင် လည်း လုပ်မှာပေါ့လေ။ အန်ကယ်တို့ကတော့ အကုန်လုံးလက်လှမ်း မမီဘူးလေ။ အမ်းမြို့နယ်မှာဆိုရင် ပြည်ခိုင်ဖြိုးရွာ ဆိုပြီး ဆိုင်းဘုတ်တွေ အများကြီးပဲ'' ဟု မီဒီယာများကို ထောက်ပြပြောဆိုသည်။
အင်အားကြီးပါတီတစ်ခုက ဗိုလ်ကျသလို ဥပဒေကို ဂရုမစိုက်သလိုလုပ်ချင်သလို လုပ်နေတာတွေသည် မျက်မှောက်ခေတ်တွင် မသင့်လျော်တော့ဘဲ လွှတ်တော်တွင် မေးခွန်းတင်မေးရလောက်သည့် အဆင့် မရောက်ခင် တာဝန်ရှိသူတို့ အမှားကို မရုတ်သိမ်းသည့်အတွက်ကြောင့် မေးခွန်းတက်လာပြီး ပြည်သူများ အနေဖြင့်လည်း ဒါမျိုးမဖြစ်စေချင်ကြောင်း ဦးဘရှိန်က ဖြည့်စွက်ပြောသည်။
အမ်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးရွာဟု ဆိုင်းဘုတ်တင်ထားသော ကျေးရွာများစွာရှိသည့်အပြင် ပါတီအမည်ကိုပင် ရခိုင်တိုင်းရင်းသားများ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီဟု ဆိုင်းဘုတ်တင်ထားသည်ကို တွေ့ရကြောင်းလည်း ဦးဘရှိန်က ဆိုသည်။
ထို့အပြင်''အောက်ခြေမှာ ဘာဖြစ်နေတယ်ဆိုတာ မသိဘူးလို့ တကယ်မသိတာ ဖြစ်ပေမယ့်လည်း ဥပဒေအရ မသိလို့မရတဲ့ သဘောရှိတယ်လေ'' ဟု သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းကိုလည်း ၎င်းက ထောက်ပြလိုက် သည်။