ပိုလျှံနေသည့် တပ်သိမ်းမြေများ ပြန်ပေးရေး ပြည်ထဲရေး ဝန်ကြီးဌာနကို မေးမြန်းရန် ကာကွယ်ရေး ဒု-ဝန်ကြီးပြော

ပိုလျှံနေသည့် တပ်သိမ်းမြေများ ပြန်ပေးရေး ပြည်ထဲရေး ဝန်ကြီးဌာနကို မေးမြန်းရန် ကာကွယ်ရေး ဒု-ဝန်ကြီးပြော
by -
မဇ္စျိမ

နေပြည်တော် (မဇ္ဈိမ)။ ။ တပ်မတော်မှ နယ်မြေအသီးသီးရှိ တပ်စခန်းနှင့် အဆောက်အအုံများ တည်ဆောက်ရန် သိမ်းဆည်းထားသော လယ်ယာမြေများမှ ပိုလျှံနေသော မြေများကို ကာကွယ်ရေး ဝန်ကြီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာနထံလွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်၍ ပြည်ထဲရေး ဝန်ကြီးဌာနကိုသာ မေးမြန်းရန် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြည်သူ့ လွှတ်တော်တွင် ပြောသည်။

ဒု-ဝန်ကြီးက ''စစ်ဆေးကွပ်ကဲမှု အောက်ရှိ စခန်းအားလုံးဖြစ်တဲ့ ၁ ကနေ ၂၆ ထိ တပ်ပိုင်မြေ ယခင်ကဟာ အားလုံးကို ကျွန်တော်တို့ ပြည်ထဲရေး ဝန်ကြီးဌာနကို အားလုံး လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်'' ဟု ဆိုသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် မေးခွန်းပါ မြေ ၂၅ ဧကသည် တပ်စခန်းဧရိယာ အတွင်း၌ တပ်ပိုင်မြေ သိမ်းဆည်းစဉ်ကတည်းက ပါဝင်ခဲ့သည် မြေဖြစ်ကြောင်းလည်း ဒု-ဝန်ကြီးက ဖြည့် စွက်ပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာရှိ လယ်ယာမြေ ၂၅ ဧကကို နစက (၂၂) တပ်က သိမ်းဆည်းထားပြီး အဆောက်အအုံဆောက်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းများ ပြုလုပ်ပြီး တပ်ဝင်းပြင်ပရှိ ပိုလျှံ လယ်ယာမြေများကို မူလပိုင်ရှင်ထံ ပြန်လည်ပေးရန် အစီအစဉ်ရှိမရှိ ပြည်သူ့ လွှတ်တော်အမတ် ဒေါ် ခင်စောဝေ၏ မေးမြန်းခြင်းကို ဒု-ဝန်ကြီးက ဖြေကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေအရ တပ်နှင့် မပတ်သက်သည့် မြေများကို ပြန်လည်စွန့်လွှတ်ပေးမည်၊ တပ်များက သိမ်းထားသည့် လယ်ယာ မြေများကို သီးစားချထားခြင်း မပြုလုပ်ဟု ပြောကြားထားသည်ဟု ထပ်ဆင့်မေးမြန်းခဲ့သော်လည်း ပြည် ထဲရေးဝန်ကြီးဌာနကိုသာ မေးမြန်းရန် ထပ်မံဖြေကြားခဲ့သည်။

ဒေါ်ခင်စောဝေက''အဓိက နစ်နာနေသူများဟာ လယ်သမားများ ဖြစ်ကြပါတယ်။ အဲ့ဒီအတွက်ကြောင့် ဒါကို ပြန်လည်စိစစ်ပြီးတော့ နစ်နာနေတဲ့ လယ်သမားများကို ပေးအပ်ဖို့ ထပ်မံစုံစမ်းဖို့လိုပါတယ်'' ဟု ကာကွယ်ရေး ဝန်ကြီးဌာနကို တိုက်တွန်းလိုက်သည်။

Most read this week