ပညာရေး ဆွေးနွေးပွဲတက် အင်န်အယ်လ်ဒီ ဗဟိုကော်မတီဝင် ပါတီကို ကိုယ်စားမပြုဟု ထုတ်ပြန်

ပညာရေး ဆွေးနွေးပွဲတက် အင်န်အယ်လ်ဒီ ဗဟိုကော်မတီဝင် ပါတီကို ကိုယ်စားမပြုဟု ထုတ်ပြန်
by -
မဇ္စျိမ

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သည့် ဒေါက်တာ သိန်းလွင်ကို အဖွဲ့ချုပ်က အရေးယူရန် ဆက်လက်ဆောင်ရွက်မည့်ဟု ထုတ်ပြန်ချက်အပေါ် လေးပွင့်ဆိုင်တွေ့ဆုံရေးကို နှောင့်နှေးစေသည့်အတွက် ကန့်ကွက်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ဖေဖော်ဝါရီ ၂ ရက် ထုတ်ပြန် သတိပေးခဲ့သည်။

ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာ သိန်းလွင်ကို အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုများတွင် အဖွဲ့ချုပ်၏ သဘောထားကြိုတင်ရယူခြင်း မရှိဘဲ ဦးဆောင်ပါဝင်နေခြင်းကြောင့် အဖွဲ့ချုပ်စည်းမျဉ်း ဖောက်ဖျက် သည့်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD က ဖေဖော်ဝါရီ ၂ ရက် ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်သည့်အပေါ် အမျိုးသား ပညာရေး ဥပဒေကို အချက် ၁၁ ချက်ဖြင့် ပြင်ဆင်ရန် ဆန္ဒပြတောင်းဆိုနေသည့် ကျောင်းသားထုဖြစ်သည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ပြန်လည်် သတိပေးလိုက်ခြင်း ဖြစ်သည်။

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ အဖွဲ့ဝင် မဖြိုးဖြိုးအောင်က ''ကျွန်မတို့က ဆရာ့ကို ပါတီဝင်အနေနဲ့ ဖိတ်ခေါ်တာမျိုး မဟုတ်ဘူး။ ပညာရှင်တွေ၊ ကျောင်းဆရာ သမဂ္ဂတွေ ပါဝင်တဲ့ ကွန်ရက် ကိုယ်စားပြုဖြစ်တယ်။ ပညာရေးနဲ့ ကျွမ်းကျင်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ဖိတ်ခေါ်ခဲ့တာပါ။ ဒီအချိန်မှာ ဒီလို ကြေညာချက် ထုတ်တာက မဖြစ်သင့်ပါဘူး'' ဟု ပြောသည်။

ဒေါက်တာ သိန်းလွင်နှင့် အလွန်နီး စပ်စွာရှိသူ တစ်ဦးက''ဆရာ့အနေနဲ့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာသဘောထားမှတ်ချက်မှ မပေးပါဘူး။ ဒါပေမယ့် NLD အနေနဲ့ တစ်စုံတစ်ခု အရေးယူဆောင်ရွက်မှုတွေ လုပ်လာမယ်ဆိုရင် ဆရာ့နေနဲ့ လက်ခံသွားမယ်လို့တော့ ပြောပါတယ်'' ဟု ပြောသည်။

NLD ဗဟိုကော်မတီအဖွဲ့ဝင် ဦးဉာဏ်ဝင်းက အဆိုပါကိစ္စနှင့် ပတ်သက်၍ အဖြေအသင့်မရှိကြောင်း၊ မည်သို့မှ မပြောလိုကြောင်း မဇ္ဈိမကို ပြောကြားခဲ့သည်။

နိုင်ငံလုံးဆိုင်ရာပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာ အာကာမိုးသူက ''အဲ့ဒါ က မလုပ်သင့်ဘူး။ ဒီဟာက ဒီမိုကရေစီ ကူးပြောင်းမှုကို အသွင်ပြောင်းလဲသွားနိုင်တဲ့ ပုံစံဖြစ်သွားစေတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားထုကို NLD က လုံးဝမထောက်ခံဘူးလို့ သဘောထား သက်ရောက်သွားနိုင်တယ် ဒီအချိန်မှာ လုံးဝမထုတ်ပြန်သင့်ဘူး'' ဟု ပြောသည်။

နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) ကလည်း တိုင်းပြည်၏ အရေးကြီးသော ပညာရေးကိစ္စများ ကူညီဆောင်ရွက်ရာတွင် NLD အဖွဲ့ချုပ်က အရေးယူမည်ဟု ထုတ်ပြန်ကြေညာချက် အပေါ် နားမလည်နိုင်ဖြစ်ရကြောင်း၊ ကျောင်းသားများ၏ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုကို သဘောမတူပါ သကဲ့သို့ဖြစ်ရသည်ဟု NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့သို့ ဖေဖော်ရီ ၂ ရက် ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) က NLD ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဖြေရှင်းပေးရန် တောင်းဆိုထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါက်တာ သိန်းလွင်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့သော်လည်း ထိုည ၉ နာရီတွင် ထုတ်ပြန်ချက်ကို ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး ဆက်လက်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

Most read this week