White card ကိုင်ဆောင်သူများ မဲပေးခွင့် သမ္မတ သဘောထားအတိုင်း လွှတ်တော် အတည်ပြု

White card ကိုင်ဆောင်သူများ မဲပေးခွင့် သမ္မတ သဘောထားအတိုင်း လွှတ်တော် အတည်ပြု
by -
မဇ္စျိမ

နေပြည်တော် (မဇ္ဈိမ)။ ။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုရန် သမ္မတ၏ သဘောထားအတိုင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ အဆိုပါဥပဒေကြမ်းပုဒ်မ ၁၁(က)ပါ အချက်အား ရခိုင်ကိုယ်စားလှယ် လေးဦးက ကန့်ကွက်ခဲ့သော်လည်း တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးအပါအဝင် ကိုယ်စားလှယ် ရ ဦးက သမ္မတ၏ သဘောထားအတိုင်း ထောက်ခံခဲ့ပြီး သမ္မတ၏ မှတ်ချက်အား ထောက်ခံသူ ၃၂၈ဦး၊ ကန့်ကွက်သူ ရ၉ ဦးနှင့် ကြားနေသူ ၁၉ ဦးရှိကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးစိုးမြင့်အောင်က ပြည်ထောင်စုလွှတ်တော်က ပုဒ်မ ၁၁ ဃ နှင့်ပတ်သက်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည့် နေ့ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ္ပ၌ မဲပေးခွင့်ရှိသည် ယင်းဆန္ဒမဲ ပေးခွင့်ရှိသူများသည် မဲစာရင်းတွင် ထည့်သွင်းရမည်ဟု အတည်ပြုထားပါသည်။

နိုင်ငံတော်သမ္မတ ပြန်လည်ပေးပို့လာသည့် သဘောထားမှတ်ချက်ကတော့ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့် ရှိရမည်ဟု ဖြည့်စွက်ထားပါသည်။

၁၉၅၁ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း နေထိုင်သူများ မှတ်ပုံတင်၍ နည်းဥပဒေအပိုဒ် ၁၁၊ အပိုဒ် ၁၃ (၁) ဂ အမျိုးသားမှတ်ပုံတင်ကတ်ပြား သုံးခေါက်ချိုးကိုင်ဆောင်ထားသူများ၏ သားသမီးများ၊ မူလကတည်းက မည်သည့်ကတ်ပြားမှ ကိုင်ဆောင်ထားခြင်း မရှိသည့် နိုင်ငံခြားသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ရန် အကြံုးမဝင်သော နိုင်ငံခြားအတွင်းရှိ မြန်မာ နိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရန် ကျန်ရှိနေသူများ ကို ယာယီသက်သေခံလက်မှတ်ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

၎င်းက "အထူးသဖြင့်တော့ ယာယီသက်သေ ခံလက်မှတ် ကတ်ပြားထုတ်ပေးထားသူ အများစုဟာ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ လူမျိုးများ နယ်စပ်ဒေသများတွင် နေထိုင်သည့် နိုင်ငံသားစိစစ်ရန် ကျန်ရှိနေသေးသော တိုင်းရင်းသားအဖွဲ့အစည်းဝင်များ မိသားစုများ ဖြစ်ကြပါတယ်’’ ဟု ဆိုသည်။

မောင်တောမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က မြန်မာတစ်နိုင်ငံလုံးတွင် အမျိုးသားမှတ်ပုံတင်ကတ်ပြားနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ ၁ ဒဿမ ၅ သန်းရှိပြီး ရခိုင်ပြည်နယ်တွင် တစ်သန်းကျော်ရှိပါသည်ဟု ပြောကြားသည်။

ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအား မဲပေးခွင့် ကန့်ကွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့် အတွက် ကန့်ကွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းက "ကျွန်တော်တို့ ရခိုင်လူမျိုးတွေတောင်မှ ယာယီ သက်သေခံလက်မှတ်တွေ ကိုင်ဆောင်ထားသူတွေရှိပါ တယ်။ သူတို့တွေတောင် မဲပေးခွင့်မရှိကြပါဘူး။ လွှတ်တော် သုံးရပ်မှာ နိုင်ငံသားများသာလျှင် မဲပေးနိုင်ခွင့်ရှိပါတယ်။ နိုင်ငံသားလုပ်ပိုင်ခွင့်ကို နိုင်ငံခြားသားတွေ လုပ်ပိုင်ခွင့်မရှိပါဘူး’’ ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်၊ အမှတ် ၁ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ယခုရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၎င်းတို့ ရေးဆွဲထားသည် မဟုတ်သော်လည်း မဖောက်ဖျက်ရန် အရေးကြီးသည်ဟု ဆိုသည်။

၎င်းက "ပြည်လုံးကျွတ်က ဘယ်က ဆင်းသက်ပါသလဲ၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အတွက် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်က အတည်ပြုခဲ့တဲ့ဟာကို ပြန်ပြင်ဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်’’ ဟု ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးမြင့်နိုင်က ကိုယ်စားလှယ်များ ရွေးမြောက် တင်မြောက်ပိုင် ခွင့်ကို မဲပေးပိုင်ခွင့်ရှိသူများနှင့် ပက်သတ်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၁(က)အရ နိုင်ငံသားများသည် ဥပဒေအရ သတ်မှတ်ထားသူမျာားကို မဲပေးပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ(၆)တွင်လည်း နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရရသူ၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ရှိသည်ဟု ပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

၎င်းက "ကျွန်တော်တို့က တည်ဆဲ ဥပဒေပြဌာန်းချက်များနဲ့ အညီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများအတွက် မဲဆန္ဒစရင်းများ ပြုစုတဲ့နေရာမှာ ပြဌန်းချက်တွေနဲ့ အညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။