ဒုတိယအကြိမ် လူငယ်အရည်အချင်းမြှင့်တင်ရေး သင်တန်းဆင်းပွဲ သီပေါမြို့တွင်ကျင်းပ

ဒုတိယအကြိမ် လူငယ်အရည်အချင်းမြှင့်တင်ရေး သင်တန်းဆင်းပွဲ သီပေါမြို့တွင်ကျင်းပ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က သျှမ်းလူငယ်များကွန်ယက် Tai Youth Network မှ ကမကထပြုဖွင့်လှစ်သင်ကြားပေးသည့် ဒုတိယအကြိမ် လူငယ်အရည်အချင်းမြှင့် တင်ရေးသင်တန်း ဆင်းပွဲကို ကျင်းပကြောင်း သိရသည်။

ယင်းသင်တန်းဆင်းပွဲသို့ သျှမ်းစာပေ ပညာရှင် စဝ်တင်းတိုင်း နှင့် ဆရာမနန်းခေးဆိုင် တို့အပြင် လွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း သျှမ်းလူငယ်ကွန်ယက် လူငယ်အရည်အချင်းမြှင့်တင်ရေး သင်တန်း၏ ဆက်သွယ်ရေးတာဝန်ခံ စိုင်းဆိုင်စိန်မြတ် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

သီပေါမြို့နယ် လူငယ်အရည်အချင်းမြှင့်တင်ရေးသင်တန်း

"သျှမ်းစာပေပညာရှင် ဆရာမနန်းခေးဆိုင်က သင်တန်းမှာ သမိုင်း လာသင်ပေးတယ်။ ဒီသင်တန်းဆင်းပွဲ မှာလည်း သျှမ်းတိုင်းရင်းသားတွေ သျှမ်းပြည်သားတွေ စုပေါင်းပြီး ပညာရေးကဏ္ဍကို တစ်ညီတစ်ညွတ် တည်း မြှင့်တင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မသွားကြဘို့ ဆရာမက တိုက်တွန်းသွားတယ် " ဟု ၄င်းက ပြောသည်။

ယင်းဒုတိယအကြိမ်သင်တန်းမှ သင်တန်းသား ၃၀၀ ကျော်ရှိပြီး သင်တန်းအပတ်စဉ် ၂ ခုမှ စုစုပေါင်း သင်တန်းသား ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

" ကျမတို့ ဒီသင်တန်းကိုမတက်ရခင်မှာ ဒေသန္တသရ ဗဟုသုတနည်းပါးတယ်။ ပြီးတော့ လူကြားသူကြား သိပ်မသွားရဲဘူး။ အခု ဒီသင်တန်းတက်ရတော့ အသိအမြင်လဲ ပိုကျယ်လာတယ်။ ဘာလုပ်လုပ် စုပေါင်းလုပ်ဖို့ လက်တွဲလုပ်ဖို့ ဆိုတာလဲ သိလာတယ် " ဟု သင်တန်းသူ နန်းကောင်ခမ်းအွန် က ပြောသည်။

သင်တန်းဆင်း သင်တန်းသားများမှာ ဒေသတွင်း ဧည့်လမ်းညွှန်အဖြစ်လည်းကောင်း၊ သင်တန်းအကူ ဆရာအဖြစ်လည်းကောင်း ပြန်အလုပ်လုပ်ကြကြောင်းလည်း သင်တန်းဖြစ်မြောက်ရေးကော်မတီ ဦးငွေရ ကပြောပါသည်။

အဆိုပါ ဒုတိယအပတ်စဉ် လူငယ်အရည်အချင်းမြှင့်တင်ရေးသင်တန်းကို ၂၀၁၄ ဒီဇင်ဘာလ မှ ၂၀၁၅ ဖေဖော်ဝါရီလ အထိ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ တစ်နှစ်လျှင် အပတ်စဉ် ၂ခု ဖွင့်လှစ်ရန် စီစဉ်ထားပြီး လာမည့် အပတ်စဉ်ကို ဇွန်လတွင် ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း နှင့် သင်တန်းစရိတ်အဖြစ် သင်တန်းသားတဦး ကျပ်၅သောင်း ပေးသွင်းရကြောင်းလည်း သိရပါသည်။

Most read this week