သျှမ်းပြည်နယ် မြို့တော်တောင်ကြီးရှိ သျှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမတွင် မူးယစ်ဆေးဝါး ပြဿနာကို မိဘပြည်သူများ သတိပြုမိစေရန် ၊ ဒေသတိုင်းတွင်မူးယစ်ဆေး သုံးစွဲမှုလျော့ကျသွားအောင် မူးယစ်ဆေး ရှောင်ကျဉ်ဖို့ ပိုမိုဖိအားပေးမှု တခု ဖြစ်စေရန်ရည်ရွယ်၍ ဖေဖော်ဝါရီ(၁)ရက်နေ့က မူးယစ်ဆေးဝါးနှင့်ပတ်သက်သော လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပရာတွင် မူးယစ်ဆေးဝါးဒဏ်ကို သျှမ်းပြည်နယ်ရှိ အမျိုးသမီးများ ပိုမိုခံစားရကြောင်း အရပ်ဖက် လူမှုအဖွဲ့အစည်း ရ ခုဖြင့် ဖွဲ့စည်းထားသော ချယ်ရီပုံရိပ်ကွန်ယက်မှ တာဝန်ရှိသူများက ပြောဆိုလိုက်သည်။
မူးယစ်ဆေးဝါးသုံးစွဲသူအများစုမှာ အမျိုးသားများဖြစ်သော်လည်း မူးယစ်ဆေးဝါး၏ ဒဏ်ကိုသွယ်ဝိုက်သော နည်းဖြင့် ခံစားနေရ သည်မှာ အမျိုးသမီးများဖြစ်ကြောင်း ချယ်ရီပုံရိပ် လူမှုကွန်ယက်မှ ဒေါ်ချိုမြဦးကပြောသည်။
“ကျမတို့ အမျိုးသမီးတွေဟာ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဖြစ်နေတဲ့ ကိုယ်ရဲ့အိမ်သားတွေအတွက်၊ အိမ်မှာနေပြီ်း စိတ်ဒုက္ခသောကမျိုးစုံကို ခံစားနေကြရတယ်။ ဒါကြောင့် မူးယစ်ဆေးဝါကိစ္စကို ကျမတို့ပြည်သူတွေ အနေနဲ့ချည်းပဲ တိုက်ဖျက်လို့ မရနိုင်ပါဘူး။ တကယ်လျော့ကျသွားအောင် နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အာဏာရှိ အစိုးရတွေမှာ အများကြီးတာဝန်ရှိပါတယ် ” ဟု ပြောသည်။
လင်ယောကျင်္ားတွေကို ဖမ်းမမိရင် သူတို့ကိုယ်စား အိမ်မှာကျန်ရစ်တဲ့ အမျိုသမီးတွေကို ကိုယ်ဝန်ဆောင်ပါမချန် ဖမ်းဆီးတာကြောင့် အကျဉ်းကျစဉ်မှာ မီးဖွားရသူတွေလည်း ရှိတယ်လို့ ဟောပြောပွဲ တက်ရောက်လာသူ နန်းခမ်းက ပြောသည်။
“တစ်ခြားပြည်နယ်တော့ မသိဘူး။ ကျမတို့ သျှမ်းပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေက မူးယစ်ဆေးဝါးရဲ့ဒဏ်ကို ခံနေရဆုံးပါ။ ရာခိုင်နှုန်းအရ တိတိကျကျ မသိပေမဲ့ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်မှာ ကလေးတွေ မွေးကြရတယ်။ အာဏာပိုင်တွေက ဖမ်းဆီးတာတွေ လုပ်တဲ့အခါ ယောကျ်ားဖြစ်သူကို မဖမ်းမိရင် အိမ်က မိန်းမကို ဖမ်းတယ် ” ဟု ပြောသည်။
သျှမ်းပြည်နယ် အတွင်းရှိ ဒေသများစွာတွင် မူးယစ်ဆေးဝါး သုံးစွဲမှုပြဿနာသည် လူငယ်များ၏ အနာဂါတ်ဘဝဖွံ့ဖြိုး တိုးတက်မှု၊ ဉာဏ်ရည််ဉာဏ်သွေးတိုးတက်မှုများအား နှောင့်ယှက်ခြိမ်းခြောက် မှုကြီးတခုဖြစ်နေပြီး နောက်ဆက်တွဲ ပြဿနာအဖြစ် မိသားစုဝင်များ၏ဘဝသည် သွယ်ဝိုက်သောနည်းဖြင့် ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ကြံုတွေ့နေရကြောင်း ဟောပြောပွဲဖြစ်မြောက်ရေးကော်မတီဝင် ဦးအောင်ဇေ က ပြောသည်။
“ကျနော်တို့ ငယ်ငယ်ကတည်းက မူးယစ်ဆေးဝါးအန္တရာယ် ဆိုးတာကို ကြံုတွေ့ရတယ်။ ဒါပေမယ့် အဲဒီခေတ်က ဒီဘက်ခေတ်လောက်မပျံ့နှံ့ခဲ့ဘူး။ ကျေးရွာမှာဖြစ်စေ မြို့ရွာမှာဖြစ်စေ ခုခေတ်လူငယ်တွေ ကြားမှာ မူးယစ်ဆေးဝါး အန္တရာယ်က တော်တော်လေးကို ခြိမ်းခြောက်လာတာကို တွေ့ရတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးဒဏ်ခံနေရတဲ့ မိသားစုတွေရဲ့ ဘဝတွေကို စာနာတဲ့အနေနဲ့ အခုလို ဟောပြောပွဲလေး ကျင်းပရတာ ဖြစ်ပါတယ်” ဟု ဦးအောင်ဇေ က ပြောသည်။
၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ကင်းမဲ့ဇုန်အဖြစ် အာစီယံနိုင်ငံများက သတ်မှတ်ခဲ့ကြသော်လည်း မြန်မာတစ်နိုင်ငံ တည်း ၂၀၁၉ ခုနှစ်အထိ ရွှေ့ဆိုင်းထားသည်ဖြစ်ရာ ကြားကာလများတွင် ပြည်သူလူထုအများစု မှာနစ်နာမှုများ ခံစားနေရ ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်ရင်ဆိုင်နေရသော်လည်း သျှမ်းပြည်နယ်ရှိ ဒေသ များစွာတွင် အဆိုးဆုံးအခြေအနေ သို့ရောက်ရှိနေကြောင်း ဦးအောင်ဇေကဆက်လက်ရှင်းပြသည်။
“ရိုးသားသော ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းစိုက်ခြင်းကို အပြစ်ရှိတယ်လို့ သူတို့မထင်ဘူး။ ဘာကြောင့်လည်း ဆို တော့ သူတို့တွေက အာဏာပိုင်အဖွဲ့အစည်းတွေကို အခွန်ဆောင်ပြီးသားမို့လို့ သူတို့ စိတ်ထဲမှာ တရားဝင် ဘိန်းစိုက်နေ ကြတယ်လို့ ထင်နေကြတယ်။ နောက်ပြီး တက္ကသိုလ်ရောက်ကျောင်းသား ငါးဆယ်ရာခိုင်နှုန်းက ဂိမ်းစွဲ၊ ကျန်ငါးဆယ် ရာခိုင်နှုန်းက ဂိမ်းနဲ့ ဘိန်းစွဲတယ် ဒီလိုတွေဖြစ်ကုန်တဲ့အတွက် လူသားအရင်းအမြစ်တွေ အရမ်းနှမျောမိတယ် ” ဟု ဟောပြောပွဲသို့ တက်ရောက်လာသော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မှ ဦးနေမျိုးက ရှင်းပြသည်။
သျှမ်းပြည်နယ်တွင် ၂၀၁၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အမှု နှစ်ထောင်ကျော်ရှိခဲ့ကြောင်း ရဲမှူးကြီး ၀င်းထွန်းက သျှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာများတွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။
သျှမ်းပြည်တောင်ပိုင်းအတွင်းဘိန်းဖျက်ဧက တိုးလာသည်ဟု အာဏာပိုင်များပြောဆိုသော်လည်း စိုက်ပျိုးမှုဧကမှာလည်း တစ် နှစ်ထက်တစ်နှစ် တိုးမြှင့်လာကြောင်း ဒေသခံများက ပြောဆိုသည်။
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်ထုတ်လုပ်သောနိုင်ငံအဖြစ် ကျော်ကြားလျက်ရှိပြီး သျှမ်းပြည်နယ် တောင်ပိုင်း သည်မူးယစ်ဆေးဝါးအန္တရာယ်လွှမ်းမိုး၊ ခြိမ်းခြောက်ခံနေရသော ဒေသ တစ်ခုဖြစ်သည်။