မော်လမြိုင် (မဇ္ဈိမ)။ ။ တိုင်းရင်းသား ဘာသာစကားများကို သက်ဆိုင်ရာဒေသအလိုက် ကျောင်းသုံး ဘာသာစကားအဖြစ် အသုံးပြုပေးရန် မွန်ပြည်နယ် ကျောင်းသားများ သမဂ္ဂက ပြည်ထောင်စု အစိုးရထံ ဖေဖော်ဝါရီလ ၁ ရက်တွင် တောင်းဆိုလိုက်သည်။
ဇန်နဝါရီလ ၃၁ နှင့် ဖေဖော်ဝါရီလ ၁ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နှီးဘုရားအနီး တောင်ပေါက် ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည့် တိုင်းရင်းသား စာပေသင်ကြားရေးနှင့် ပညာရေးစနစ် စိန်ခေါ်မှု ဆွေးနွေးပွဲ' ၏ရလဒ်ကို အခြေခံကာ အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
'စစ်မှန်သော ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရန် မြန်မာနိုင်ငံတွင် အစဉ်အဆက် နေထိုင်ခဲ့ကြသည့် ဗမာလူမျိုးများ အပါ အဝင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုများ ထိန်းသိမ်းပြန့်ပွားနိုင်ရေးအတွက် တိုင်းရင်းသား ဘာသာစကားများကို ၎င်းနေထိုင်ရာ ဒေသများတွင် ကျောင်း သုံး ဘာသာစကားအဖြစ် အသုံးပြုရမည်' ဟု တောင်းဆိုချက်တွင် ပါရှိသည်။
မွန်ပြည်နယ် ကျောင်းသားများသမဂ္ဂ မှ သတင်းမီဒီယာ တာဝန်ခံ မပန်းအိသဇင်က ''တချို့ကလေးတွေက စာပေသင်ကြားတဲ့အခါ မြန်မာဘာသာနဲ့ သင်ကြားလို့ရှိရင် သူတို့ မိခင်စကား ပျောက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် မစဉ်းစားနိုင်တော့ဘူး။ သူတို့အတွက် စာသင်ရခက်တာပေါ့နော်။ သူတို့ စာမသင်ချင်တော့ဘူး။ အဲဒါတွေ တွေ့လို့ ခုလို တောင်းဆိုရတာပါ'' ဟု ပြောသည်။
၄င်းပြင် တိုင်းရင်းသားဒေသများတွင် ဆယ်စုနှစ်လေးခုမက တည်ရှိလာခဲ့သည့် တိုင်းရင်းသား အမျိုးသား ကျောင်းများကို အမျိုးသား ပညာရေးဥပဒေ (National Education Law) ၏ အခန်း(၆) ပုဒ်မ (၃၄)၊ ကျောင်းအမျိုးအစားအောက်တွင် တိုင်းရင်းသား အမျိုးသားကျောင်းများကို ထည့်သွင်း အသိအမှတ်ပြုပေးရန်လည်း တောင်းဆိုထားသည်။
ထို့အပြင် လက်ရှိဆန္ဒပြ ကျောင်းသားများ တောင်းဆိုနေသည့် အချက် (၁၁) ချက်ကို အကောင်အထည်ဖော် ဆွေးနွေးပေးရန်လည်း တောင်းဆိုထားပြီး အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားလှယ်များ ပါဝင်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲအတွက်လည်း ၎င်းတို့ တောင်းဆိုချက်ကို ပေးပို့ထား သည်ဟု မွန်ပြည်နယ်ကျောင်းသားများ သမဂ္ဂက ပြောသည်။