လွှတ်တော်တွင်း အဖြေမကျေနပ်လျှင် တိုင်းဒေသကြီး အစိုးရကို ထပ်မံမေးရန် ဒုတိယ ဝန်ကြီးညွှန်ကြား

လွှတ်တော်တွင်း အဖြေမကျေနပ်လျှင် တိုင်းဒေသကြီး အစိုးရကို ထပ်မံမေးရန် ဒုတိယ ဝန်ကြီးညွှန်ကြား
by -
မဇ္စျိမ

လွှတ်တော်တွင်း အဖြေပေါ် မကျေနပ်လျှင် တိုင်းဒေသကြီးအစိုးရကို ထပ်ဆင့်မေးပါရန် ပြည်ထောင်စု အစိုးရအဖွဲ့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး တစ်ဦးက ဖေဖော်ဝါရီ ၂ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်  လွှတ်တော်ကိုယ်စားလှယ်ကို ညွှန်ကြားခဲ့သည်။

 “လွှတ်တော် ကိုယ်စားလှယ်ကြီး အနေဖြင့် မကျေလည်လို့ ဒါမှမဟုတ်ရင်လည်း ထပ်မံမေးမြန်းချင်တဲ့ အချက်အလက်ရှိရင် ရန်ကုန်တိုင်း အစိုးရကို ထပ်မံမေးလိုက်ပါ။ အစည်းအဝေးပြီးရင် ကျွန်တော်လည်း ပြောလိုက်ပါမယ်” ဟု သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။

Stadium

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပန်းခြံဟု သတ်မှတ်ထားသော မြေနေရာတွင် ကားပါကင် အဆောက်အအုံ တည်ဆောက်ခြင်းကို အများပြည်သူမှ ကန့်ကွက်သဖြင့် မူလပန်းခြံမြေအတိုင်း ထားရှိပေးရန် အစီအစဉ်ရှိမရှိမေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ဖြေကြားမှု အပြီးတွင် ထပ်မံမေးမြန်မှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပန်းခြံအဖြစ် စည်ပင်သာယာရေးဌာနက အတည်ပြုပေးထားပြီးသားပါခင်ဗျာ။ မြေလွှတ်မြေရိုင်းမဟုတ်ပါ ဘူးခင်ဗျာ။ ပန်းခြံအဖြစ်သာ ဆက်လက်တည်ရှိရမှာ ဖြစ်ပါတယ်။ ဒီလိုသာ ပန်းခြံကို ကားပါကင် လုပ်ရတဲ့စီရင်ထုံးဖြစ်မယ်ဆိုရင် မြန်မာပြည်မှာ လွတ်လပ်ရေးကျောက်တိုင်နဲ့ အတူ ပေါ်ပေါက်လာတဲ့ ဆူလေးပန်ခြံကြီးကိုလည်း ကားပါကင်လုပ်လို့ရတယ်ဆိုတဲ့ စီရင်ထုံးဖြစ်သွားပါမယ်ခင်ဗျာ” ဟု ဦးဖုန်းမြင့်အောင် က မေးမြန်ရာတွင် ပြောသည်။

အဆိုပါ မြသီတာ ပန်းခြံနေရာတွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းကျဆင်းရေးအတွက် အပန်းဖြေကစားကွင်း ပါဝင်သည့် အများပြည်သူသုံး ယာဉ်ရပ်နားနေရာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တည်ဆောက်လျက်ရှိသည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။

“အများပြည်သူသုံး သီးသန့်ယာဉ်ရပ်နားရာ နေရာတွင် တည်ဆောက်မည့် အဆောက်အအုံ အမျိုးအစားမှာ Steel Structure Pile Foundation အမျိုးအစားဖြစ်ပြီး အဆောက်အဦးနှစ်လုံး၏ သုံးထပ်တွင် ယာဉ်ဝင်ဆံ့မှုမှာ ၂၈၂ စီးအထိ ရှိမည်ဖြစ်ပြီး အပေါ်ဆုံးလေးထပ်တွင် အများပြည်သူ အပန်းဖြေ ကစားကွင်းတစ်ကွင်းစီကို ထည့်သွင်းဆောက်လုပ်သွားမည် ဖြစ်ပါတယ်” ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် အဆိုပါပန်းခြံအား ကားပါကင် ဆောက်လုပ်ရန်အတွက် စစ်တမ်းများပြုလုပ်ပြီးမှ ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု ဒုဝန်ကြီးကပြောသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း အိမ်ထောင်စု လေးရာအား စစ်တမ်းကောက်ယူရာတွင် ထောက်ခံသူ တစ်ဦးသာ ရှိသည်ဟု ဆိုသည်။

ရတနာပန်းခြံနှင့် မြသီတာ ပန်းခြံအား ၁၉၉၀ ခုနှစ်တွင် ပန်းခြံအဖြစ် အမည်ပေးပြီးတည်ဆောက် အကောင်အထည်ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။