မိုးမရွာ၍ လယ်ယာလုပ်ငန်းများ ရခိုင်တွင် ရပ်ဆိုင်း

မိုးမရွာ၍ လယ်ယာလုပ်ငန်းများ ရခိုင်တွင် ရပ်ဆိုင်း
ရခိုင််ပြည်နယ် အနှံ့အပြားတွင် မိုးမရွာသဖြင့် တောင်သူ လယ်သမားများ အနေဖြင့် လယ်ယာလုပ်ငန်းများကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ရပ်တန့်ထားရသည်ဟု လယ်သမား တဦးက ပြော ...

 
ရခိုင််ပြည်နယ် အနှံ့အပြားတွင် မိုးမရွာသဖြင့် တောင်သူ လယ်သမားများ အနေဖြင့် လယ်ယာလုပ်ငန်းများကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ရပ်တန့်ထားရသည်ဟု လယ်သမား တဦးက ပြောသည်။
 
“မိုးက မရွာဘူး ဆိိုရင် လုံးဝ မရွာပါဘူး။ ခါတိုင်းနှစ်တွေက ဆိုရင် ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ လယ်တွေကို တဝက်နီးပါးခန့် ထွန်ယက်ပြီးပါပြီ။ ခုက မိုးလုံးဝ မရွာတဲ့အတွက် လယ်သမားတွေ လယ်မထွန်ရဘဲ ဖြစ်နေကြပါတယ်။ နံယုန်လလည်း ကုန်တော့မှာ ဖြစ်ပါတယ်။”
 
ယခင်နှစ် နံယုန် လဆန်းက စတင် ထွန်ယက်ခဲ့သော လယ်မှာ ၀ါ၀င်မည့် အချိန်တွင် တဝက်နီးပါးကို ထွန်ယက် စိုက်ပျိုးပြီး ဖြစ်သော်လည်း ယခုနှစ်တွင် နံယုန်လ ကုန်တော့မည် ဖြစ်သော်လည်း လယ်ထွန်အပ် တကြောင်းမှ မချရသေးဘဲ ဖြစ်နေ ကြရသည်။
 
တောင်ကုတ်မြို့နယ် ကိုင်းရှည် ကျေးရွာက လယ်သမား တဦးကလည်း “ချထားတဲ့ စပါးပျိုးပင်တွေ အကုန်လုံး ခြောက်ပြီး သေသွားခဲ့ပါပြီ။ အစပိုင်းက ကျနော်တို့ ဆီမှာ မိုးမိုးနည်းနည်း ရွာခဲ့တဲ့အတွက် ပျိုးတွေ ချထားခဲ့တာပါ။ ခုတော့ လယ်တွေမှာ မိုးမရွာတဲ့အတွက် မြေသားတွေ ခြောက်ပြီး ကွဲအက် နေပါတယ်” ဟု ပြောသည်။
 
ရခိုင်ပြည်နယ် တောင်ပိုင်း ဒေသများတွင်သာမက မြောက်ပိုင်း မောင်တောမြို့နယ်ဘက်တွင်လည်း မိုးမရွာ သဖြင့် လယ်သမား အခက်ကြံုနေကြသည်ဟု လယ်သမား တဦးက ပြောသည်။
 
“ခုလို မိုးခေါင်တာကို အရင်က မတွေ့ဘူးပါဘူး၊ လယ်တွေ မထွန်နိုင်သေးတဲ့အပြင် အပူ အလွန်များတဲ့အတွက် အပြင်ကိုထွက်ပြီး ဘာမှ လုပ်ကိုင်လို့ မရ ဖြစ်နေပါတယ်။ ဒီအတိုင်း သွားမယ်ဆိုရင် လူတွေ တော်တော် ဒုက္ခဖြစ်ကြမယ် ထင်ပါတယ်။”
 
ရခိုင် လယ်သမား အများစုမှာ ယခုအခါ မိုးကို မျှော်နေကြပြီး တချို့ ကျေးရွာများတွင် မိုးမရွာ၍ ရေရှားပါးနေသဖြင့် ငရံ့မင်း ပရိတ်များကို ရွှတ်ပြီး မိုးကို ခေါ်နေကြသည်ဟု သိရသည်။
 
၎င်းအပြင် စစ်တွေတွင်လည်း မိုးမရွာသဖြင့် ရေအထူးရှားပါးနေပြီး မြို့သူ မြို့သား အများအပြားမှာ ဒုက္ခရောက်နေကြသဖြင့် တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးကိုယ်တိုင် စည်ပင်သာယာရေး ၀န်ထမ်းများနှင့် ရေရရှိရေးကို ကြပ်မတ် ဆောင်ရွက်နေရသည်ဟု စစ်တွေမြို့ခံ တဦးက ပြောသည်။

Most read this week