မန်းစည်ပင် ဘီးခွန်ကြိုတင်ပေး စီမံချက် တစ်လအတွင်း ကျပ်သိန်း ၃၇၀ ကျော် ရရှိ

မန်းစည်ပင် ဘီးခွန်ကြိုတင်ပေး စီမံချက် တစ်လအတွင်း ကျပ်သိန်း ၃၇၀ ကျော် ရရှိ
by -
မဇ္စျိမ

ဘီးခွန်ကြိုတင်ပေးကာလ ရက် ၉ဝ စီမံချက်အနက် ပထမလဖြစ်သည့် ဇန်နဝါရီလတွင် ငွေကျပ် သိန်း ၃၇ဝ ကျော် ကောက်ခံရရှိပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန လက်အောက်ရှိ ဘီးခွန်ဌာနခွဲမှ ဦးစီးအရာရှိ ဦးသန်းတင့်က ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း သွားလာနေသည့် ယာဉ်များသည် ကော်မတီကို သတ်မှတ်ထားသည့် ဘီးခွန်ပေးဆောင်ရမည်ဖြစ်ပြီး ဌာနကလည်း One Stop Service ဖြင့် လိုက်လံ ကောက်ခံပေးလျက်ရှိသည်ဟု ၎င်းကဆိုသည်။

မန်းစည်ပင် နယ်နိမိတ်အတွင်း ပြေးဆွဲနေသော ခရီးသည်တင်ကား တစ်စီးကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

အဆိုပါ စီမံချက်အရ ဇန်နဝါရီလအတွငး် ယာဉ်အစီးရေ ၂၆,၈ဝဝ ကျော်ကို ကောက်ခံခဲ့ပြီး ငွေကျပ် သိန်း ၃၇ဝ ကျော်ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

မန္တလေးစျေးချို၊ မဟာအောင်မြေ ကျောက်ဝိုင်း၊ ဒိုင်းမွန်းပလာဇာနှင့် နန်းရှေ့စျေးတို့တွင် ကြိုတင်ပေးကာလ ရက် ၉ဝ စီမံချက်တွင် ဆောင်ရွက်ပေးလျက် ရှိသည်။

၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ဘီးခွန်လျာထားချက်ကို ငွေကျပ် သိန်း ၁,၅ဝဝ သတ်မှတ်ထားပြီး ၂ဝ၁၄ ခု၊ ဧပြီမှ ၂ဝ၁၅ ဇန်နဝါရီအထိ ငွေကျပ်သိန်း ၁,၇ဝဝ ကျော်ရရှိပြီးဖြစ်ရာ လျာထားချက်ကျော်လွန်ပြီဟုလည်း ဦးသန်းတင့်က ပြောသည်။

ဘီးခွန် ကောက်ခံမှုနှုန်းထားများမှာ မော်တော်ဆိုင်ကယ် တစ်စီးလျှင် ကျပ် ၂,ဝဝဝ ဖြစ်ပြီး မော်တော်ယာဉ်များမှာ ယာဉ်အမျိုးအစားအလိုက် နှုန်းထားသတ်မှတ်ကာ ကောက်ခံခြင်းဖြစ်ပြီး နှစ်စဉ် မတ် ၃၁ ရက် နောက်ဆုံးထား ပေးဆောင်ရမည် ဖြစ်သည်။ သတ်မှတ် ကာလကျော်လွန်ပါက ရက်လွန်ဒဏ်ကြေး ထပ်တိုး ပေးဆောင်ရမည် ဖြစ်သည်။

မန္တလေးမြို့ခံတစ်ဦးက ''ပြည်သူတွေအနေနဲ့က ထိုက်သင့်တဲ့အခွန်ကိုတော့ ပေးဆောင်ရမယ်လေ။ ဒါပေမဲ့ ဌာနဆိုင်ရာဘက်ကလည်း အခွန်ပေးဆောင်ဖို့ စည်းရုံးနိုင်တာ အားနည်းတယ်။ ပြီးတော့ ရလာတဲ့အခွန် ငွေတွေကို ဘယ်နေရာတွေမှာ ပြန်အသုံးချတယ်ဆိုတာမျိုး ပြည်သူတွေသိအောင် ထုတ်ပြန်ကြေညာပေး နိုင်ရင်တော့ အခွန်ဆောင်သင့်တယ်ဆိုတဲ့ အသိပိုဖြစ်လာမယ်'' ဟု ပြောသည်။

ကနဦးအားဖြင့် ယာဉ်မှတ်ပုံတင်ပြုလုပ်ပြီး နှစ်လအတွင်းပေးဆောင်ပါက ရက်လွန်ဒဏ်ကြေးကင်းလွတ် ခွင့်ပေးထားကြောင်း ဦးသန်းတင့်ထံမှ သိရသည်။

Most read this week