တောင်သူအချို့ တံဆိပ်တူ CP ပြောင်းမျိုးစေ့အတု အဝယ်မှား

တောင်သူအချို့ တံဆိပ်တူ CP ပြောင်းမျိုးစေ့အတု အဝယ်မှား
by -
ကန္တာရဝတီတိုင်းမ်

CP888 ပြောင်းမျိုးစေ့များ ကြိုတင်ဝယ်ယူထားသည့် ကယားပြည်နယ် ဒီမောဆိုမြို့နယ်ရှိ တောင်သူအချို့ မျိုးစေ့အတုများ မှားယွင်းဝယ်ယူမှုများ ရှိနေကြောင်း ဒေါစဲကျေးရွာမှ တောင်သူအချို့က ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။

ယခင်နှစ်က CP ပြောင်းမျိုးစေ့များလုံလောက်စွာ ဝယ်ယူခွင့်မရလိုက်သည့်အတွက် ကြိုတင်ဝယ်ယူလိုက်ရာမှ ယခုကဲ့သို့ အတုများ ဝယ်ယူမိခဲ့ကြကြောင်း ဒေါစဲတောင်သူတဦးကပြောသည်။

“အရင်နှစ်လိုဖြစ်မှာစိုးလို့ ရွာထိစောစောလာရောင်းပေးတာနဲ့အတော်ပဲ ဆိုပြီး ၀ယ်မိတာပါ” ဟုပြောသည်။

cp1

ယခင်နှစ်မှစ၍ CP ပြောင်းမျိုးစေ့များအား တံဆိပ်တူ အတုလုပ် ရောင်းချမှုများကြောင့် CP ပြောင်းမျိုးစေ့ အိတ်ခွံပြောင်းလဲ ထုတ်လုပ်မှုများပြုလုပ်ခဲ့ကြောင်း CP 888 ကုမ္ပဏီမှ ဦးကျော်ထွန်းကပြောသည်။

၎င်းမျိုးစေ့အတုများ ကို တောင်သူများအားမစိုက်ပျိုးရန်  ဦးကျော်ထွန်းက အကြံပြုသည်။

“ရိုးရိုးပြောင်းဆံကို ဆေးဆိုးပြီး ထည့်ထားတဲ့ မျိုးစေ့လား သေချာမသိဘူး။ ဒီမျိုးစေ့ကို နှမြောပြီးတော့ မစိုက်ပါနဲ့။ တောင်သူတွေအတွက် နစ်နာမှာစိုးလို့ပါ” ဟု ဦးကျော်ထွန်းကဆိုသည်။

၎င်းတံဆိပ်တူ မျိုးစေ့အတုများရောင်းချသည့် ကိစ္စနှင့်ပတ်သက်၍ ရောင်းချသူများကို CP ကုမ္ပဏီမှ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကျော်ထွန်းက ဆက်လက်ပြောကြားသည်။

ထိုမျိုးစေ့ အတုများကို တစ်ထုတ်လျှင် ကျပ်ငွေ၂သောင်းဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့က လူအချို့က ကျေးရွာတွင်းသို့ လာရောက် ရောင်းချသွားခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

Most read this week