အမြောက်တပ် တပ်ရင်း(၃၆၀)မှ သိမ်းယူထားသော ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ် ဒေါစဲကျေးရွာပိုင် သာသနာ့နယ်မြေနှင့် ဒေသခံများ၏ တောင်ယာစိုက်ခင်း ၁၀၅ ဧကကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြန်လည်ပေး အပ် လိုက်ကြောင်း ဒီမောဆိုမြေစာရင်း ဦးစီးမှူး ဦးကိုကိုနိုင်က ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။
“တပ်တွေ သိမ်းတာကတော့ ဧက(၁၀၅)ဧကပေါ့နော် သူတို့သိမ်းသွားသလောက် အကုန်ပြန်ပေးပါတယ်” ဟု ဦးစီးမှူး ဦးကိုကိုနိုင်က ပြောသည်။
၎င်းမြေများကို ၂၀၀၁ ခုနှစ် တွင် အမြောက်တပ် စတည်ချိန်က သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး ဒေသခံများကို သီးစားခ ကောက်ယူကာ ပြန်လည် လုပ်ကိုင်စေခဲ့ကြောင်း ဒေသခံများက ဆိုသည်။
အသိမ်းခံရသော မြေယာ များအတွက် ဒေါစဲသာသနာမှ ဦးပဥ္ဖင်းနှင့် ကျေးရွာတာဝန်ရှိသူများက သက်ဆိုင်ရာအစိုးရ ဌာနများသို့ တင်ပြတောင်းဆိုခဲ့ကြပြီး ယခုလို ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“အရှေ့မှာ လုပ်ပေးသွားတဲ့သူတွေကိုလည်း ကျတော်တို့ကျေးဇူးတင်တယ်။ အစိုးရတွေက်ုိလည်းကျေးဇူး တင်တယ်” ဟု ဒေါစဲဒေသခံတဦးကဆိုသည်။
၎င်းမြေ ၁၀၅ဧကတွင် ဒေါစဲသာသနာပိုင်မြေများပါ၀င်ပြီး ဒေသခံ၁၀ဦး ပိုင်ဆိုင်သော မြေများလည်းပါ ၀င်ကြောင်း သိရသည်။
လက်ရှိတွင် ကြေးတိုင်နှင့် မြေစာရင်းဌာနက မြေတိုင်းကိရိယာ ဂျီပီအက်စ် (GPS)နှင့် လာရောက်တိုင်း တာပြီး တောင်သူများပိုင်ဆိုင်ကြောင်း ပုံစံ(၇)ကို ထပ်မံ ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။