ရေနံပိုက်လိုင်းဖွင့်ပွဲ၌ ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ် မဒဲကျွန်း ဒေသခံများ ဖျက်သိမ်း

ရေနံပိုက်လိုင်းဖွင့်ပွဲ၌ ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ် မဒဲကျွန်း ဒေသခံများ ဖျက်သိမ်း
by -
နိရဥ္စရာ

ကျောက်ဖြူမြို့နယ် မဒဲကျွန်း ရေနံပိုက်လိုင်းဖွင့်ပွဲနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆန္ဒဖေါ်ထုတ်ပွဲ အစီအစဉ်ကို ဒေသခံများက ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

တရုတ်ပိုက်လိုင်း စီမံကိန်းကြောင့် မြေယာဆုံးရှံုးခဲ့ရသည့် အတွက် ဇန်နဝါရီလ ၃၀ရက်နေ့ (ယနေ့) တွင် ပြုလုပ်မည့် ရေနံပိုက်လို်င်း ဖွင့်ပွဲတွင် ဒေသခံများက ဆန္ဒဖေါ်ထုတ်ရန် စီစဉ်ခဲ့ကြသည်။ တရုတ် CNPC ကုမ္ပဏီသည် မဒဲကျွန်းတွင် ဒေသခံများပိုင်ဆိုင်သော မြေယာများကို မြေလွတ်မြေရိုင်းဟုဆိုကာ တစ်စုံတစ်ရာ လျော်ကြေးမပေးဘဲ ခြံစည်းရိုး ခတ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ဆန္ဒထုတ်ဖော်မည့် အစီအစဉ်ကို အချိန်နီးကပ်ပြီးမှ ဖျက်သိမ်းလိုက်ခြင်းမှာ မြို့နယ်မှတာဝန်ရှိသူများ လာရောက်တွေ့ဆုံ ဖြေရှင်းခဲ့၍ ဖြစ်ကြောင်း မဒဲကျွန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ကိုထွန်းကြည်ကပြောသည်။

(ဖေါင်စီးရင်း ရေငတ်နေသူများ ပမာ ဖြစ်နေကြရသော မဒဲကျွန်းမှ ဒေသခံပြည်သူများ)

“ရေနံပိုက်လိုင်းဖွင့်ပွဲပြုလုပ်မယ့်နေ့မှာဆန္ဒထုတ်မယ့်အစီအစဉ်ကိုဖျက်သိမ်းလိုက်တာမှန်ပါတယ်။ မြို့နယ်က တာဝန်ရှိသူတွေ ဇန်နဝါရီ၂၈ ရက်နေ့က မဒဲကျွန်းကို လာရောက်ပြီး ဒေသခံတွေနဲ့ တွေ့ပါတယ်။ ဒေသခံတွေ မနစ်နာရအောင် ဂရုဏာကြေး ပေးမယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကပြောတဲ့အတွက်  သဘောတူညီမှု ရရှိပြီးတော့ ဆန္ဒထုတ်ဖော်မယ့် အစီအစဉ်ကို ဖျက်သိမ်း လိုက်တာဖြစ်ပါတယ်” ဟု ဆိုသည်။

ဇန်နဝါရီ၂၅ရက်နေ့က ဒေသခံရွာသားတွေ ကျေးရွာတွင် အစည်းအစည်းအဝေးပြုလုပ်ပြီး  ဆန္ဒထုတ်ဖော်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သိမ်းဆည်းခံရသော မြေယာဧကမှာ  ၁၁၂ ဧကရှိပြီး မဒဲကျွန်းဒေသခံ ၃၅ ဦး ပိုင်ဆိုင်သော မြေယာများဖြစ်ကြောင်း ၎င်းကပြောသည်။

“ ဒီမြေယာတွေအတွက်  မနစ်နာရအောင် ပြေလည်အောင်ဖြေရှင်းပေးမယ်။ အရင်တုန်းက မြေလွတ်မြေရိုင်း ဆိုပြီး သိမ်းထားပေမယ့် ဂရုဏာကြေးပုံးစံမျိုး ပေးအပ်မယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ဒေသခံများနဲ့ တွေ့ဆုံတဲ့ အခါ  ပြောဆိုခဲ့ပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

၎င်းတွေ့ဆုံပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မြေစာရင်းဦးစီးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ လာရောက်ခဲ့ကြောင်းသိရသည်။

ရေနံပိုက်လိုင်းဖွင့်ပွဲကိုမဒဲကျွန်း၌ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။

Most read this week