သံတွဲမီးရှို့မှု လူ ၁၂ ဦး ထောင်ချခံရ

သံတွဲမီးရှို့မှု လူ ၁၂ ဦး ထောင်ချခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် သဗြူချိုင်ကျေးရွာတွင် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော  ပဋိပက္ခအတွင်း အိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သူများဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ရွာသား ၁၂ ဦးအား ထောင်ဒဏ်များ အသီးသီး ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၈ ရက်နေ့က သံတွဲမြို့နယ် တရားရုံးမှ စီရင်ချမှတ်ရာတွင် သူတို့ ၁၂ ဦးအား ပုဒ်မ  ၄၃၆/၃၄ အရ အလုပ်နှင့် ထောင်ဒဏ်၂နှစ်စီချမှတ်ခဲ့သည်ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထောင် ၂ နှစ်စီ ချမှတ်ခံရသူများမှာ မိုးကျော်သူ၊ မောင်မောင်အေး၊ ဇော်မျိုးသက်၊ ဇော်မင်းဦး၊ ကျော်ကျော်နိုင်၊ ကျော်ကျော်၊ အောင်အောင်၊ တင်လှ၊ နေမျိုးကျော်၊ ဇော်မျိုးလွှင်၊ ကျော်ကြီး(ခ)ကျော်ထွန်းခိုင်နှင့် ဂျပန်(ခ) ညီလင်းထွန်းတို့ ဖြစ်ကြသည်။

ပြစ်မှု မထင်ရှားသဖြင့် ညွန့်ခင် ခင်မောင်လွှင်တို့နှစ်ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၃(၁)အရ အမှုမှ အပြီးအပြတ်လွှတ်ပေးခဲ့သည်ဟု သိရသည်။

တရားခံပြေး ကိုကြီးနိုင်အားပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အရ အတည်ပြု အမှု ပိတ်ခဲ့ကြောင်း သိရသည်။

၂၀၁၃ အောက်တိုဘာ ၁ ရက်နေ့ က သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သောပ ဋိပက္ခကြောင့် နေအိမ် ၃၉လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး တန်ဖိုး ကျပ် ၁၉သိန်း ၅သောင်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု ယင်းအရာရှိက ဆိုသည်။

ယင်းမီးလောင်မှုအား အောက်နတ်မော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးထွန်းခင်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။

Most read this week