ပေါက်တောမြို့နယ်တွင် ဆားငန်ရေဝင်၍ စိုက်လယ်ဧက ၄၀၀ ခန့်ပျက်စီး

ပေါက်တောမြို့နယ်တွင် ဆားငန်ရေဝင်၍ စိုက်လယ်ဧက ၄၀၀ ခန့်ပျက်စီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆားပြင်ကျေးရွာတွင် ဆားငန်ရေ ၀င်ရောက်ရာမှ လယ်ဧက ၄၀၀ ခန့် ပျက်စီးခဲ့ပြီး လယ်သမား ၄၀ ကျော် နစ်နာခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ ၃ ရက်နေ့ထိ ဒီရေကြီးပြီး လယ်ကွင်းများသို့ ဆားငန်ရေ များ အဆက်မပြတ် ၀င်ရောက်ရာမှ ယင်းစိုက်ပျိုး လယ်မြေများမှာ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

Rakhine-village-Arakan

” ကျွန်တော့် အသက် ၆၆ နှစ်ထဲ ရောက်နေပါပြီ၊ ယခုလိုအဖြစ်အပျက်မျိုး ကျွန်တော့်ဘဝမှာ တစ်ခါမှ မကြံုဖူးပါ” ဟု ဆားပြင်ကျေးရွာမှ လယ်သမား ဦးအောင်ကျော်စိန်က ပြောသည်။

ယင်းပြင် သူက “လယ် ၁၈ ဧက လုပ်ပါတယ်။ ၂၀၁၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ ၃ ရက်နေ့ထိ ဒီရေကြီးပြီး ဆားငန်ရေ ၀င်သွားပါတယ်။ ဆားပြင်ကျေးရွာတစ်ခုလုံးရှိ လယ်တွေအားလုံး အငန်ပေါက်ပြီး ပျက်စီးသွားပါတယ်။ ကျွန်တော့် အသက် ၆၆ နှစ်ရှိပါပြီ၊ ဘဝမှာ တစ်ခါမှ ဒီလို မကြံုဖူးပါဘူး။ ဆားငန်ရေ ၀င်ပြီး လယ်ကွင်းတွေလည်း အရောင်ပြောင်းသွားပါတယ်”ဟု ဆိုသည်။

မိမိမှာ အစိုးရထံမှ ဘဏ်ချေးငွေ ၆ သိန်းချေးထားပြီး ပေးဆပ်နိုင်သည့် အရည်အချင်းမရှိတော့ကြောင်း၊ မဖြစ်မနေ ဆပ်ရမည်ဆိုပါက ကျွဲနွားများကို ရောင်းပြီး ဆပ်ရမည်ဖြစ်ပြီး၊ လက်ရှိမှာ ၀မ်းစာမရှိ၊ ကောက်မျိုးမရှိ၊ လယ်လုပ်ခကိုလည်း ထက်ဝက်သာ ပေးရသေးကြောင်း ဦးအောင်ကျော်စိန်က ပြောဆိုသည်။

မိဘနှင့် အတူ လယ်လုပ်နေခဲ့သည့် သားငယ်တောင်မှ ဘဝ ရပ်တည်ရေး အခက်အခဲကြောင့် ထိုင်းနိုင်ငံကိုအလုပ်လုပ်ဖို့ သွားရပါပြီဟု တစ်ခြား လယ်သမ တစ်ဦးဖြစ်သူ ဒေါ်စိန်သာနုက ပြောသည်။

“ကျွန်မက ၁၅ ဧက လုပ်ပါတယ်။ လယ်လုပ်ခနဲ့ စပါးရိပ်သိမ်းခ ငွေမရှင်းရသေးပါဘူး။ လယ်ဦးစီးလုပ်ခဲ့တဲ့ သားငယ်တောင် ထိုင်းကို အလုပ်လုပ်ဖို့ သွားရပါပြီ။ ဘဏ်ငွေ ၅ သိန်းချေးထားပါတယ်။ နွားရောင်းပြီး ဆပ်ရတော့မှာပါ။ လယ်လုပ်ခ ပေးဖို့ နွားကို ရောင်းတာတောင် ၀ယ်မယ့်သူ မရှိလို့ မရောင်းရသေးပါဘူး” ဟု သူမက ပြောသည်။

တောင်သူလယ်သမားဆိုသည်မှာ မိဘပိုင်လယ်မြေကိုချစ်၍ လယ်လုပ်စားသူဖြစ်ကြောင်း လယ်သမား ကိုမောင်သန်းဝင်းက ဆိုသည်။

“တောင်သူလယ်သမားတိုတာ မိဘပိုင်လယ်မြေကိုချစ်လို့ လုပ်စားသူတွေပါ။ မိန်းမမှာ ရှိတဲ့ ရွှေစတွေ ကိုပေါင်ပြီးတော့ အရင်းနှီးပြု လုပ်ခဲ့ရပါတယ်။ အသီးအနှံထွက်မည့်အချိန်မှာ ဆားငန်ရေ ၀င်သွားတဲ့အတွက် အားလုံးကုန်သွားပါပြီ၊ လုပ်အားခတောင် မိမိမှီခိုနေရတဲ့ ကျွဲနွားကို ရောင်းပြီး ပေးနေရပါတယ်။ စုဆောင်းလာခဲ့သမျှ အားလုံးကုန်ပါပြီ” ဟု ဆိုသည်။

သူက ဆက်လက်၍ အိမ်မှာ စားစရာဆန်မရှိသလို လယ်လုပ်ဖို့ မျိုးစပါးတောင် မကျန်တော့ကြောင်း၊ ဘဏ်ချေးငွေကို ဆပ်နိုင်ဖို့ လမ်းစမရှိတော့ကြောင်း၊ သို့သော်လည်း အစိုးရက တစ်စုံတစ်ရာ စစ်ဆေး ကူညီပေးခြင်းလည်း မရှိကြောင်း သူက ပြောဆိုသည်။

လယ်ပျက်စာရင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးက ကောက်ခံပြီး မြို့နယ်သို့ တင်ပြထားသော်လည်း ယနေ့အချိန်အထိ တစုံတရာ ကြောင်းပြန်ကြားမှုမရှိ သေးကြောင်း၊ ဘဏ်ချေးငွေကို ဆပ်ရမည်ဟု ကျေးရွာ ၌ ဆော်သြနေသည်ကိုသာ တွေ့ရှိရကြောင်း၊ ကျေးရွာသားများ အခက်အခဲကို တစ်စုံတရာ ဖြေရှင်းပေး ရန် ပြောကြားသည်ကို လုံးဝမတွေ့ရှိရသေးကြောင်း ဆားပြင်ကျေးရွာသားများက ပြောသည်။

ယင်းဆားပြင်ကျေးရွာ အနီးနားရှိ ကျေးရွာများဖြစ်ကြသော ငွေဒင်းဒွေ၊ လှခိုင်ရွာ၊ ငဝက်စွေ၊ သရက်၊ စကေးချောင်း ကျေးရွာများ၌လည်း ဆားငံရေဝင်ပြီး လယ်အမြောက်အများ ပျက်စီးခဲ့ရသည် ဟု လေ့လာသိရှိ ရသည်။

Most read this week