ပြည်ပတွင် ၈ နှစ်ကြာ ရပ်တည်လာသော ရခိုင်မျိုးစောင့်အုပ်စု ပြည်တွင်းတွင် တရားဝင်ဖွဲ့စည်း

ပြည်ပတွင် ၈ နှစ်ကြာ ရပ်တည်လာသော ရခိုင်မျိုးစောင့်အုပ်စု ပြည်တွင်းတွင် တရားဝင်ဖွဲ့စည်း
by -
နိရဥ္စရာ

ဂျပန်နိုင်ငံတွင် ၈ နှစ်ကြာ ရပ်တည်ခဲ့သော ရခိုင်မျိုးစောင့်အုပ်စုသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဒေသခံ ရခိုင်ပြည်သူများနှင့် အောက်ခြေအဆင့်မှ နေပြီး ပူးပေါင်း လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်မျိုးစောင့်အဖွဲ့ Arakan Rakkhita Group (ARG) ကို ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်တွေတွင် တရားဝင် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ရခိုင်မျိုးစောင့်အုပ်စုဟု လူသိများသော ARG အဖွဲ့သည် ဂျပန်နိုင်ငံတွင် အခြေစိုက်ပြီး နိုင်ငံတကာမှ ရခိုင်အမျိုးသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ကာ ရခိုင်အမျိုးသားရေးလုပ်ငန်းများ ကို ပြည်ပနေ၍ ၈ နှစ်ကြာ တစိုက်မတ်မတ် ရပ်တည်လှုပ်ရှားလာသော အဖွဲ့ဖြစ်သည်ဟု သိရသည်။

DSC02411

ဇန်နဝါရီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ထိ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ အဖွဲ့ဝင် ကိုယ်စားလှယ်များဖြင့် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးမှ ယင်းအဖွဲ့အား ရခိုင် မျိုးစောင့်အုပ်စု အစား ရခိုင်မျိုးစောင့်အဖွဲ့ အမည်ဖြင့် ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။

ရခိုင်မျိုးစောင့်အဖွဲ့ကို ဗဟိုဦးဆောင်ကော်မီတီဝင် (၄၃) ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ရခိုင်ပြည်နယ် ကျေးလက်ဒေ သနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်သွားမည်ဟု ဦးဆောင်တည်ထောင်သူ ဦးဘအေး (ခ) ဦးခိုင်ထူးက ပြောသည်။

ဗဟိုဦးဆောင်ကော်မီတီဝင် ၄၃ ထဲမှ ဦးဘအေး ဥက္ကဌ၊ ဦးထွန်းအောင်ကျော် ဒု-ဥက္ကဌ (၁) ၊ ဦးစိုးနိုင် (လျှပ်စစ်) ဒုဥက္ကဌ (၂) ၊ သံတွဲမှ တစ်ယောက် လျာထားသူအား  ဒုဥက္ကဌ (၃) ၊ ဦးစိုးနိုင် (၂) (မြို့မစျေး) အတွင်းရေးမှု (၁)၊ ဦးအောင်ဘဝေ အတွင်းရေးမှု (၂)၊ ဒေါ်လှမေ အတွင်းရေးမှု (၃)တို့အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြ သည်။

ဘဏ္ဍာရေးဌာန၊  ပြန်ကြားရေးဌာန၊ စီးပွားရေးဌာနနှင့် စည်းရုံးဌာန စုစုပေါင်း ဌာန ၄ ခု ဖြင့် ဖွဲ့စည်းလိုက်ပြီး သဘာပတိ ၃ ဦးနှင့် နာယက ၅ ဦးထားရှိသည်။ ဗဟိုဦးဆောင် ကော်မီတီသက်တမ်းကို (၁) နှစ်အဖြစ် သတ်မှတ်ထားပြီး ဆက်လက်သက်တမ်းတိုး မတိုးကို အဖွဲ့မှတ်ပုံတင်ကျပြီး (၆) လပတ် ဗဟိုဦးဆောင် ကော် မီတီ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဟု သိရသည်။

ပြည်သူများ၏ အကြံဉာဏ်ပံ့ပိုးမှုများကို ရယူပြီး ရခိုင်ပြည်နယ် ကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် ပေးဆပ် လုပ်ဆောင်သွားပါမည်ဟု အခမ်းအနားတွင် ရခိုင်မျိုးစောင့်အဖွဲ့ ဥက္ကဌ ဦးဘအေးက ဂတိစကား ပြောကြား သည်။

“ပြည်ပရှိ ရခိုင်ခေါင်းဆောင်တွေထဲမှာ အဘက်ဘက်က ပြည့်စုံတဲ့ ခေါင်းဆောင် မတွေ့ခဲ့ရဘူး။ ပြည်တွင်း က ခေါင်းဆောင်တွေကိုတော့ မပြောတတ်သေးဘူး။ ကျွန်တော်လည်း အရည်အချင်း ပြည့်စုံတဲ့ ခေါင်းဆောင် တစ်ယောက်မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့နေရာမှာ တစ်ခုကောင်း ပြည့်စုံသူတွေရဲ့ အကြံဉာဏ်တွေ၊ ပြည် သူတွေရဲ့ ပံ့ပိုးမှုတွေနဲ့ အတူ အသက်ကို ပဓါန မထားဘဲ ကိုယ်ကျိုးစွန့် လုပ်သွား ပါမယ်”ဟု ဆိုသည်။

ရခိုင်ပြည်၌ လူထုကို အမှန်တကယ် ကိုယ်စားပြုနိုင်သည့် အဖွဲ့အစည်းတစ်ရပ်မရှိသေး၍ အမှန်တကယ် ကိုယ်စားပြုနိုင်မည့် အဖွဲ့အစည်းတစ်ရပ်လိုအပ်နေကြောင်း၊ လူထုက ဤအဖွဲ့သည် လူထုကို ကိုယ်စားပြုနေသည်ဟု သတ်မှတ်ခံရအောင် ရခိုင်မျိုးစောင့်အဖွဲ့ကို ကြိုးစား တည်ဆောက်သွားမည်ဟု ဦးဘအေးက ဆက်လက် ပြောသည်။

ရခိုင်မျိုးစောင့်အဖွဲ့ ဒုဥက္ကဌ (၁) ဖြစ်သူ ဦးထွန်းအောင်ကျော်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် အရိုးသားဆုံး ဆောင်ရွက် လုပ်ဆောင်သွားမည်ကို ယခုလို ပြောသည်။

“ ကျွန်တော်တို့ ရခိုင်မျိုးစောင့်အဖွဲ့အနေနဲ့ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရိုးသားဆုံး၊ အကြိုးစားဆုံး၊ အစွမ်းရှိသလောက် ကြိုးစားဆောင်ရွက်ပါမယ်” ဟု ဆိုသည်။

ဒုဥက္ကဌ (၂) အဖြစ် ရွေးချယ်ခံရသူ ဦးစိုးနိုင် (လျှပ်စစ်) ကလည်း အဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဦးဘအေးမှာ ဂျပန်နိုင်ငံတွင် နေထိုင်သည်ကို စွန့်လွတ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကာ ရခိုင်ပြည်နယ်တွင် အခြေစိုက်နေထိုင်၍ ကိုယ့်ပြည်နယ် ကိုယ့်လူမျိုး တိုးတက်ရေး အတွက် ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်မည့် အပေါ် ယုံကြည်သဖြင့် ယခုလို အဖွဲ့သို့ ၀င်ရောက် ရခြင်း ဖြစ်သည်ဟု ပြောသည်။

“ကျွန်တော့်ရဲ့ အိပ်မက်ကို အကောင်ထည်ဖေါ်နေတဲ့ ယခုလက်ရှိ ရခိုင်မျိုးစောင့်အုပ်စု ဥက္ကဌ ဦးဘအေးကို အပြည့်အဝ ယုံကြည်တဲ့အတွက် ဒုဥက္ကဌ တာဝန်ကို လက်ခံတာပါ” ဟု ဆိုသည်။

ARG အဖွဲ့ကို ၀င်ရန်ဆုံးဖြတ်ရခြင်းမှာ ရခိုင်လူမှုအဖွဲ့အစည်းသည် ကမ္ဘာမှာ အောက်တန်း၊ နောက် တန်းရောက်နေသည်ကို  တိုးတက်အောင်လုပ်ဆောင် သွားမည်ဟု ယုံကြည်၍ ၀င်ရောက်ရခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို လုပ်နေသူ မြောက်ဦးမြို့နယ်မှ ဦးမောင်သာစိန်က ပြောသည်။

လက်ရှိအတွင်းရေးမှု (၃) ဖြစ်သူ၊ ကျောက်တော်မြို့နယ်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေသူ ဒေါ်လှမေကလည်း သူမ၏ သဘောထားကို နိရဥ္စရာ သတင်းဌာနသို့ ယခုလို ပြောသည်။

“ARG ဟာ ရခိုင်မျိုးစောင့်အဖွဲ့ဖြစ်တယ်။ ကျွန်မ ရခိုင်သူတစ်ယောက်ဖြစ်တယ်။ မိမိရခိုင်အမျိုး ကို စောင့်ရှောက်မယ့် နေရမှာ တတ်နိုင်တဲ့နေရာက အချိန်ပေးပြီး ပါ၀င်ဖို့ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ရခိုင်မျိုးစောင့်အဖွဲ့သည် ရခိုင်ပြည်နယ် ကျေးလက်ဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ စီးပွားရေးအရသာမက လူမှုရေးကိုလည်း အတူ မြှင့်တင် လုပ်ဆောင်သွားမည်ဟု သိရသည်။

ယင်းပြင် ရခိုင်ပြည်နယ်သည် စီးပွားရေးချွတ်ခြံုကျမှုကြောင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်တွင် အနိမ့်ကျဆုံး အခြေအနေ၌ ကျရောက်နေသဖြင့် မျိုးဆက်သစ် မြှင့်တင်ရေး လုပ်ငန်းများကို အဓိကထားလုပ်ဆောင်သွားမည်ဟု သိရသည်။

ရခိုင်မျိုးစောင့်အဖွဲ့ ARG ၏ ရည်ရွယ်ချက်မှာ - (၁) ရခိုင်နှင့်မျိုးနွယ်စုများ လူမှုရေးအရ တိုးတက်လာစေရန်။ (လူမှုရေးဆိုရာ၌ ပညာရေး၊ ကျန်းမာရေး၊ ကြံ့ခိုင်ရေး)၊ (၂)ရခိုင်နှင့် မျိုးနွယ်စုများ၏ စီးပွားရေး ဖွံ့ဖြိုးလာစေရန်၊ (၃) ရခိုင်နှင့် မျိုးနွယ်စုများ အခြေခံ စဉ်းစားတွေးခေါ်ပုံနှင့် အသိအမြင်များ မြင့်မားလာစေရန်၊

(၄) ရခိုင်တစ်မျိုးသားလုံး ညီညွတ်ကြစေရန်(အိန္ဒိယရခိုင်၊ ဘင်္ဂလာရခိုင်နှင့် ပြည်ပရောက် ရခိုင်များအားလုံး)၊ (၅) တည်ငြိမ်ငြိမ်းချမ်းသော ရခိုင်ဒေသဖြစ်လာစေရန် တို့ဖြစ်သည်။

Most read this week