ရခိုင်သတင်းထောက်များ တွေ့ဆုံပွဲ IMS ပြုလုပ်

ရခိုင်သတင်းထောက်များ တွေ့ဆုံပွဲ IMS ပြုလုပ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် သတင်းထောက်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ၏ တွေ့ဆုံပွဲ တစ်ခုကို  ရခိုင်ပြည်နယ်မြို့တော်် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် သတင်းဂျာနယ်တိုက်တွင် ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲကို International Media Support (IMS) မှ ကမကထ ပြုလုပ်ပေးခြင်းဖြစ်ပြီး တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်မှ အနှံ့အပြားမှ သတင်းထောက် ၂၀ ခန့်တက်ရောက်ခဲ့သည်။

DSC02299

ဒိန်းမတ်နိုင်ငံ၌ အခြေစိုက်သော IMS သည် နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် သတင်းမီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ မီဒီယာလောက ဖွံ့ဖြိုးရေးအတွက် လွန်ခဲ့သော သုံးနှစ်တာကာလ ကတည်းက လုပ်ဆောင်နေသော အဖွဲ့အစည်းတစ် ခုဖြစ်ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် ရခိုင်မီဒီယာလောက ဖွံ့ဖြိုးမှု၊ ရင်ဆိုင်နေရသော အခက်အခဲများကို သုတေသနပြုလုပ်သည့် အနေဖြင့် သတင်းထောက်များ ရင်ဆိုင်ကြံုတွေ့နေရသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်း ခဲ့သည်။

သတင်းထောက်များက ဖြေကြားရာတွင် မစ္စယင်ဟီးလီ ရခိုင်ပြည်နယ်သို့ လာရောက် လည်ပတ်သည့်အခါ မစ္စယင်ဟီးလီ၊ ကုလသမဂ္ဂဆုံးဖြတ်ချက် နှင့် ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းကို အစိုးရမီဒီယာ သတင်းဌာနတစ်ခုသို့ ပို့ခဲ့ရာ အသုံးပြုခဲ့ခြင်း မရှိဟု သိရသည်။

တစ်ချို့သတင်းထောက်များက အစိုးရက သတ်မှတ်ထားသော မီဒီယာများ ကျင့်ဝတ်စာအုပ်သည် သတင်း သမားများကို အကာကွယ်ပေးထားသည့် စာအုပ်မဟုတ်သောကြောင့် သဘော မတွေ့ကြ ဟု ပြောဆိုသည်။

ရခိုင့်အသံဂျာနယ်၏ Voice of Arakan နေရာတွင် Voice of Rakhine အဖြစ်သာ သုံးရန် အစိုးရမီဒီယာ မှတ်ပုံတင်ဌာန၏ ဖိအားပေးခံနေရမှုများကိုလည်း တင်ပြခဲ့ကြသည်။

ယခုတွေ့ဆုံပွဲမှရရှိသော သုတေသန တွေ့ရှိချက်များကို မြန်မာအင်္ဂလိပ် နှစ်ဘာသာဖြင့် အစီရင်စာ တစ်စောင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ မြန်မာမီဒီလောက ဖွံ့ဖြိုးတိုးတက်မှုရှိလာအောင် မြန်မာအစိုးရ အား ဝေဖန်ထောက်ပြမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိသတင်းထောက်များသည် သတင်းထောက်သင်တန်း တက်ရောက်နိုင်ရန် အခွင့်အလမ်း နည်းပါးနေသည်ကို တွေ့ရှိနေရသည်ဟု ယင်း International Media Support မှ တာဝန်ရှိသူ Mr Glen Swanson က မှတ်ချပေး ပြောကြားသွားခဲ့သည်။

International Media Support မှ ရန်ကုန်၌ သတင်းသမားများ တွေ့ဆုံနိုင်ရန် မီဒီယာ စာအုပ်စင်တစ်ခုကို ပြုလုပ်ပေးထားပြီဖြစ်ပြီး၊ မန္တလေးမြို့တွင်လည်း အလားတူမီဒီယာ စာအုပ်စင်တစ်ခုကို မကြာမီ ပြုလုပ်ပေးသွားမည်ဖြစ်ကာ ရခိုင်ပြည်၌လည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ယင်းမီဒီယာ တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်သတင်းဂျာနယ်မှ သတင်းထောက်များ၊ နိရဥ္စရာဂျာနယ်မှ သတင်းထောက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ်မှ သတင်းထောက်များ၊ ရခိုင့်အသံမှ သတင်းထောက်များ၊ အခြားမြန်မာ ပုဂ္ဂလိက သတင်းဌာန နှင့် အစိုးရသတင်းဌာနများတွင် လုပ်ကိုင်နေသော သတင်းထောက်များ၊ Sky Net ရုပ်သံမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။

International Media Supoport သည် မြန်မာနိုင်ငံမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် UNESCO၊ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်မှ Journalism Department နှင့် Data Collection Team များနှင့် လက်တွဲ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

Most read this week