စစ်တွေမြို့တည်နှစ် ၁၉၀ပြည့် အထိမ်းအမှတ် ကျင်းပရန် ကော်မတီဖွဲ့စည်း

စစ်တွေမြို့တည်နှစ် ၁၉၀ပြည့် အထိမ်းအမှတ် ကျင်းပရန် ကော်မတီဖွဲ့စည်း
by -
နိရဥ္စရာ

၂၀၁၆ ခုနှစ်တွင် ကျရောက်မည့် စစ်တွေမြို့တည်သည့်  နှစ် ၁၉၀ ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ရန် အတွက် ကော်မတီ တစ်ရပ်အား ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ ဂြစ်ဘက်ကျောင်းတွင် သာကီ မဏ္ဍိုင်ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့က ဦးဆောင်၍ ဇန်နဝါရီလ ၂၄ ရက်နေ့က  ပြုလုပ်ခဲ့သော စစ်တွေမြို့ တည်သည့် ၁၈၉ နှစ်မြောက်နေ့ အခမ်းအနားကို ကျင်းပစဉ် ယင်းကော်မတီအား ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားသို့ စိတ်ပါ၀င်စားသူ ၂၀ ကျော် တက်ရောက်ခဲ့ကြသည်။

narinjara270101

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ (Akyab) ကို ရခိုင်သက္ကရာဇ် ၁၁၈၇ ခု တပို့တွဲလဆန်း ၅ ရက်၊ ခရစ်သက္ကရာဇ် ၁၈၂၆ ခု ဇန်နဝါရီလ ၁၂ ရက်နေ့ တည်ခဲ့သည်ဟု သိရသည်။

စစ်တွေမြို့ကို အင်္ဂလိပ်မြို့ဝန် ပတ္တင် (Paton) နှင့် ဒေသျှိတ် (Dickenson) တို့နှင့် ရခိုင်ခေါင်းဆောင် များဖြစ်ကြသော မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရွှီနှင့် မြို့သူကြီးအောင်ကျော်ဇံတို့က ထူထောင်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ သာကီမဏ္ဍိုင် ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စံမောင် က “ကိုယ်တို့ရဲ့မြို့တော် စစ်တွေမြို့ ပေါ်ပေါက်လာပုံကို ရခိုင်ပြည်သူလူထု အားလုံးနဲ့ စစ်တွေမြို့နေလူထုကို သိစေချင်တဲ့ သဘောထားနဲ့ ပြုလုပ်ရခြင်းဖြစ်တယ်။ အခု ၁၈၉ နှစ်မြှောက် အခမ်းအနားကို ကျယ်ကျယ်ပြန့် မလုပ်ဖြစ်ဘဲ နောင်နှစ်မှာတော့ ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားပါမယ် ”ဟု ဆိုသည်။

အင်္ဂလိပ်တို့က ရခိုင်ပြည်ကို ၁၈၂၄-ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ယခင်မြို့တော်ဟောင်း မြောက်ဦးမြို့သည် အုပ်ချုပ်ရေး အတွက် အဆင်မပြေသဖြင့် တံငှာရွာအဆင့်ရှိ ယခုနေရာသို့ ပြောင်းရွှေ့ပြီး စစ်တွေမြို့ကို တည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ယခု တည်နေရာသည် ရခိုင်ဘုရင်လက်ထက်ကတည်းက အုပ်ချုပ်ရေးအဆင့် ကျွန်း ၄၄ ကျွန်းထဲတွင် တစ်ကျွန်းအပါအဝင် ဖြစ်သည်ဟု အခမ်းအနားတွင် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သူ ဆရာဦးကျော်မောင်က ပြောသည်။

“စစ်တွေမြို့ဟာ အင်္ဂလိပ်ကိုလိုနီ လက်ထက်တုန်းက ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်လာပြီးတော့ အဲဒီတုန်းက အရှေ့တောင်အာရှမှာ ဆန်စပါး အထွက်ဆုံးဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှုနဲ့အတူ အနောက်တိုင်း ပညာရေးကို မြန်မာနိုင်ငံမှာ ပထမဆုံး ထိတွေ့ခွင့်ရခဲ့တဲ့ ဒေသဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်တုန်းက စစ်တွေဟာ ပညာရေးလောကမှာ အကောင်းဆုံးဖြစ်ခဲ့ပြီးတော့ အုပ်ချုပ်ရေးတာဝန်တွေကို ကြီးကြီးမားမား ထမ်းဆောင်ခဲ့ကြပါတယ်”ဟု ဆရာဦးကျော်မောင်က ပြောသည်။

အင်္ဂလိပ်ခေတ်က ထိုကဲ့သို့ စီးပွားရေးမြင့်နေခဲ့ပြီး ပညာရေးမှာ ထိပ်တန်းရောက်နေခဲ့သော ရခိုင်ပြည်နယ်မြို့တော် စစ်တွေသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ဆုတ်ယုတ်လာခဲ့ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင်ကား ချွတ်ခြံုကျခဲ့ရသည်ဟု သိရှိရသည်။

ပိုက်ဆိပ် (မိဇံ) အဆင့်မှ စတင်တည်ထောင်ခဲ့သော စစ်တွေမြို့သည် ယခုအခါ မောလိပ်၊ ရူပ၊ ပါဒလိတ်ချိတ်၊ တရားသီးစု၊ ရွှေပြား၊ လမ်းမတော်၊ ရွာကြီး၊ နပူခံ၊ ဘောင်းဒွတ်သားစု စသည်ဖြင့် ပွားများလာကာ ၃၁ ရပ်ကွက်ထိ ရှိလာပြီဖြစ်သည်။

စစ်တွေမြို့သည် ရခိုင်တိုင်း၊ ထိုမှ ရခိုင်ပြည်နယ် မြို့တော်အဖြစ် ဆက်လက်တည်ရှိလာခဲ့ပြီး ရခိုင်တို့၏ ဂုဏ်ဆောင် ယဉ်ကျေးမှုဓလေ့များကို မပျောက်ပျက်အောင် ဖေါ်ထုတ်ထိန်းသိမ်းနေသည့် မြို့အဖြစ်လည်း ထင်ရှားနေဆဲဖြစ်သည်။

၂၀၁၆ ခုနှစ် စစ်တွေမြို့ ၁၉၀ နှစ်ပြည့် အခမ်းအနားကျင်းနိုင်ရန်အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သာမက   ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု သိရသည်။

Most read this week