ငပလီတွင် ပထမဆုံးအကြိမ် ရခိုင်ရိုးရာ ရထားဆွဲပွဲကျင်းပမည်

ငပလီတွင် ပထမဆုံးအကြိမ် ရခိုင်ရိုးရာ ရထားဆွဲပွဲကျင်းပမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ နာမည်ကျော် အပန်းဖြေ ပင်လယ်ကမ်းခြေရှိရာ ငပလီမြို့ တွင် ပထမဆုံး အကြိမ် ရခိုင်ရိုးရာ ရထားဆွဲပွဲကို ကျင်းပ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

“ပထမဆုံး အကြိမ် သံတွဲခရိုင်ရဲ့ ပထမဆုံး အကြိမ် ရထားဆွဲပွဲကို ငပလီမြို့ အထက်တန်းကျောင်းဝင်း အတွင်းမှာ ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ၃ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်ရိုးရာ ရထားဆွဲပွဲကို ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးကျော်ဌေးဝင်းမှ ပြောကြားသည်။

image-10beb2382aba9dcde86ffa151bfecdc8deaa64012a81b6f0f240432d56044aeb-V

ငပလီမြို့တွင် ရခိုင်ရိုးရာ ရထားဆွဲပွဲကို လေးဝတီ ရခိုင်ရိုးရာ ယဉ်ကျေးမှု အသင်းမှ ဦးဆောင်ကျင်းပသွားမည် ဟု သိရသည်။

“ငပလီမြို့မှာ ကျင်းပမယ့် ရထားဆွဲပွဲကို ရပ်ကွက် ၅ ခု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ သံတွဲ၊ စစ်တွေ၊ တောင်ကုတ်၊ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့တွေက အဖွဲ့တွေလာပြိုင်မယ်လို့ သတင်းရထားပါတယ်။ ပြိုင်ပွဲဝင်မယ့် အသင်းတွေ စာရင်းတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး လက်ခံနေပါတယ်” ဟု လေးဝတီ ရခိုင်ရိုးရာ ယဉ်ကျေးမှုအသင်း (ငပလီ) ပြောရေး တာဝန်ခံ ကိုစိန်ချစ်က ပြောသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲနှင့် ပတ်သက်ပြီး ဆရာတော် ဥူးကောသလ္လ (ဂဝေသီ) ရခိုင်သမိုင်းသုတေသီက နိရဥ္စရာသို့ ယခုလို မိန့်ကြားခဲ့သည်။

“ ရခိုင်ရိုးရာ ရထားဆွဲပွဲက စာဆိုရှင် ဥက္ကာပျံ ရေးစပ် ဖွဲ့ဆိုရာမှာ ထည့်သွင်းစပ်ဆိုခဲ့တာကိုထောက်ပြီး ရခိုင်သက္ကရာဇ် ၉၆၀ မတိုင်မီခင်ကဘဲ ကျင်းပတဲ့ ပွဲတစ်ပွဲ ဖြစ်တယ်လို့ သိရပါတယ်။ ပွဲတော်ကို တပို့တွဲလဆန်း ၁၄ ရက်၊ တပို့တွဲ လပြည့်နေ့၊ လပြည့်ကျော်နေ့တွေမှာ ကျင်းပတယ် အစီအစဉ်လာရှိပါတယ်။ ဒီအချိန် လယ်ယာလုပ်ငန်းတွေ ရိတ်သိမ်းပြီး အားလပ်တဲ့ အချိန် ဖြစ်တာကတကြောင်း၊ ချမ်းအေးတဲ့ ရာသီ ဖြစ်တာက တကြောင်း၊ အားကစားပွဲ တစ်ခုလို့ အစဉ်အလာအရ ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဆိုသည်။

ငပလီမြို့သူ မသန်းသန်းမြင့်ကလည်း တစ်ခါမှ မမြင်ဖူးသည့် ပွဲတော် ဖြစ်သဖြင့် အထူးစိတ်ဝင်စားမိကြောင်း ပြေသည်။

“ကုန်ရာသီ တပို့တွဲ ရထားပွဲလားကတ်မယ်ဆိုတဲ့ သီချင်းကိုသာ ကြားဖူးတာပါ။ ပွဲတော်ကိုတစ်ခါမှ မမြင်ဖူးဘူး။ အခု ရခိုင်ရိုးရာ ရထားဆွဲပွဲကို ကျွန်မတို့ မြို့မှာ ပြုလုပ်မယ်ဆိုတဲ့ အရမ်းဝမ်းသာသလို၊ စိတ်လည်း ၀င်စားမိပါတယ်” ဟု ပြောသည်။

Most read this week