တစ်ဘက်နိုင်ငံမှ ၀င်ရောက် ဓါးပြတိုက်သွားသော အဖွဲ့ကို စစ်တပ်မှ မယူတောင်တွင် ပိုက်စိပ်တိုက်ရှာဖွေနေ

တစ်ဘက်နိုင်ငံမှ ၀င်ရောက် ဓါးပြတိုက်သွားသော အဖွဲ့ကို စစ်တပ်မှ မယူတောင်တွင် ပိုက်စိပ်တိုက်ရှာဖွေနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်းသို့ ၀င်ရောက်ပြီး ဓါးပြတိုက်သွားသော အဖွဲ့တစ်ခုအား စစ်တပ်မှ မေယူတောင်တွင် ပိုက်စိပ်တိုက်ရှာဖွေနေသည်ဟု သတင်း ရရှိသည်။

“အဲဒီ အဖွဲ့က ဆင်ပိုက်ကျေးရွာနဲ့ ဒုံးပိုက်ကျေးရွာအကြား မေယူတောင်မှာ ခိုအောင်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်တပ်က လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကတည်းက အဲဒီဝန်းကျင်ကို ပိတ်ဆို့မှုတွေ ပြုလုပ်ပြီး ရှာဖွေနေပါတယ်” ဟု ချိန်ခါလီ ကျေးရွာဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ယင်းဓါးပြအဖွဲ့မှာ အဒူလာကိန်း ဦးဆောင်သော အဖွဲ့ဖြစ်ပြီး အိမ်နီးချင်း ဘင်္ဂလာဒေချ့်နိုင်ငံမှ တဆင့် လှေဖြင့် တိတ်တဆိတ် ၀င်ရောက်လာပြီး ချိန်ခါလီကျေးရွာမှ မွတ်ဆလင် ကျောင်းဆရာကြီး ဦးရွှေမောင်နေအိမ်အား ၀င်ရောက် ဓါးပြသွားခဲ့သည်ဟု သိရသည်။

“ ဆရာကြီး ရွှေမောင်က မွတ်ဆလင်လူမျိုး (ဘင်္ဂလီ) ကျောင်းဆရာကြီးပါ။ သူ့အိမ်ကို လွန်ခဲ့တဲ့ တပတ်က အဒူလာကိန်း ဓါးပြအဖွဲ့က ၀င်ရောက် ဓါးပြတိုက်သွားပါတယ်။ ရွှေတွေနဲ့ ပိုက်ဆံတွေ ပါသွားတယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာ သဝင်ချောင်းက မော်လဝီ ဆရာတစ်ယောက်ကိုလည်း ဖမ်းသွားတယ်လို့ ကြားရပါတယ်” ဟု ချိန်ခါလီကျေးရွာမှ အရပ်လူကြီး တစ်ဦးကလည်း ပြောသည်။

ယင်းနောက်ပိုင်းတွင် နယ်စပ် လုံခြံုရေးတပ်ဖွဲ့ဝင်များက ဓါးပြများ ခိုအောင်းနေထိုင်နိုင်သော မေယူတောင်ကို ပိတ်ဆို့ ရှာဖွေနေခြင်း ဖြစ်ကြောင်း သိရသည်။

အဒူလာကိန်း ဓါးပြအဖွဲ့သည် နှစ်စဉ်နှစ်တိုင်း မောင်တောမြို့နယ် အတွင်းသို့ ၀င်ရောက် ဓါးပြတိုက်လေ့ရှိပြီး အများစု ဓါးပြမှုများကို ဒေသခံ ဘင်္ဂလီ လူမျိုးများ အပေါ်တွင် ကျူးလွန် တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

ယမန်နှစ်ကလည်း မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျောက်ပန်းတူ ကျေးရွာသို့ ၀င်ရောက်လာပြီး မွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သူ၏ ကိုယ်ဝန်ရှိ ဇနီးပါအဝင် လူ ၄ ဦးကို သတ်ဖြတ်ပစ်ခဲ့သည်။

Most read this week