ဒေဝူးက ကူညီသည့်ကျာင်း သံထည်ဖြင့် ဆောက်၍ ဒေသခံများ ကန့်ကွက်

ဒေဝူးက ကူညီသည့်ကျာင်း သံထည်ဖြင့် ဆောက်၍ ဒေသခံများ ကန့်ကွက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာတွင် ဒေဝူး (Daewoo) ကုမ္ပဏီက လှူဒါန်းသော ကျောင်းကို သံထည်ဖြင့် တည်ဆောက်နေသဖြင့် ဒေသခံတွေက ကန့်ကွက်လိုက်သည်ဟု သတင်း ရရှိသည်။

ယင်းကျောင်းကို  ဆောင်းဟေမာန် ကုမ္ပဏီက ဆောက်လုပ်နေခြင်း ဖြစ်ပြီး အလျားပေ ၈၀၊ အနံပေ ၃၀ ရှိသော တစ်ထပ်ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။

IMG 20150119 111019

သံနဲ့ မဆောက်လုပ်ရန် ကျေးရွာသားတွေက ဇန်နဝါရီလ ၁၃ရက်နေ့က တားမြစ် ကန့်ကွက်ထားကြောင်း ကျေးရွာ လူကြီးတစ်ဦး ဖြစ်တဲ့ ဦးခင်မောင်ရီကပြောသည်။

“ပင်လယ်နဲ့ နီးပြီး ဆားငန်းဓါတ်ရှိတဲ့ မြေဖြစ်တယ်။ ဒီလိုဒေသမှာ သံပါးပါးနဲ့ ဆောက်လုပ်ရင် တာရှည်မခံနိုင် ဘူး။ တစ်ခြား ဒေသမှာ ဆိုရင်တော့ဖြစ်နိုင်တယ်။ RC ကျောင်းဆောက်လုပ်မှ တာရှည်ခံနိုင်မှာဖြစ်တယ်။ ဒီလိုသံပါးပါးနဲ့ ဆောက်လုပ်မယ် ဆိုရင်တော့ ကျေးရွာက လုံးဝလက်မခံနိုင်ဘူး။ ခေါင်းမိုးမှာသံနဲ့ဆိုရင်တော့ လက်ခံနိုင်ပါတယ်။ လုပ်ငန်း ပြီးစီးတဲ့ အခါမှ ပြောလို့ အဆင်မပြေနိုင်ဘူး။မပြီးစီးခင် ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်အောင် ကြိုတင်ပြီး တားမြစ် ထားရတာ ဖြစ်တယ်” ဟု ပြောသည်။

စာသင်ကျောင်းဆောက်လုပ်ရန်အတွက် ၂၀၁၄ခုနှစ် ၊ ဒီဇင်ဘာလက ဒေဝူး ကုမ္ပဏီက တာဝန်ရှိသူ များ မြေနေရာကို လာကြည့်ခဲ့သည်။  စာသင်ကျောင်းဆောက်လုပ်ရန် ကန်ထရိုက်ရထားသော ဆောင်းဟေ မာန်ကုမ္ပဏီမှ ဒီဇင်ဘာ ၁၈ ရက်နေ့က ကျောင်းကို စတင်ဆောက်လုပ်သည်ဟု ဦးခင်မောင်ရီက ဆက်ပြောသည်။

မလကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ယဉ် ကတော့ “ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ ကျောင်းဆောက် လုပ်ရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို   ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတုန်းက ပြုလုပ်ပါတယ်။ ဒေဝူး ကုမ္ပဏီက ကျောင်း ၃ကျောင်း လှူမယ်။ မလကျွန်း၊ စစ်တော၊ ဂုံးချိန် ၃ ကျောင်းဖြစ်ပါတယ်။ သံနဲ့ ဆောက်လုပ်ဖို့ ပြောတယ်။ ဒေဝူးကုမ္ပဏီက တာဝန် ရှိသူများ၊ မြို့နယ်ပညာရေး မှူး၊ ကျောင်းဆောက်လုပ်မယ့် ကျေးရွာအုပ်စု ၃ခုက အုပ်ချုပ်ရေးမှူး တွေ တက်ရောက်ကြတယ်။ နောက်ပိုင်း မှာမှ ကျောင်းကို သံနဲ့ ဆောက်မှာကို သဘောမတူတဲ့ အသံတွေ ထွက်လာတာ ဖြစ်ပါတယ်” ဟုပြောသည်။

ဆောင်းဟေမာန်ကုမ္ပဏီမှ လက်ထောက်မန်နေဂျာဦးသန်းဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ သံထည်ဖြင့် ဆောက်လုပ် နေသည်မှာ ဒေဝူးကုမ္ပဏီ၏ ညွှန်ကြားချက်အရ ဖြစ်ကြောင်း ပြောဆိုသည်။

“ ဒေဝူး ကုမ္ပဏီက မလကျွန်းမှာ စာသင်ကျောင်းဆောက်ဖို့အတွက် လှူတာဖြစ်တယ်။ ဒေဝူး ကုမ္ပဏီက သံနဲ့ဘဲ ဆောက်ခိုင်းတာပါ။ ရွာသားတွေက ဒေသ ရာသီဥတုနဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်တာဖြစ်ပါတယ်။  ကျနော်တို့က ဒေဝူး ကုမ္ပဏီရဲ့ ညွန်ကြားချက်အတိုင်း လုပ်ဆောင်နေတာဖြစ်တယ်။ ကျနော်တို့ နဲ့မဆိုင်ပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရွာသားများ၏ ကန်ကွက်မှုကြောင့် ကျောင်းဆောက်လုပ်ရေးကို ယာယီရပ်ဆိုင်းထားရသည်ဟု သိရသည်။

Most read this week