နေစရာမဲ့ဖြစ်နေကြသော ရခိုင်ဒေသခံများ အိမ်ခြံမြေရရှိရေးတွက် ဆန္ဒဖေါ်ထုတ်

နေစရာမဲ့ဖြစ်နေကြသော ရခိုင်ဒေသခံများ အိမ်ခြံမြေရရှိရေးတွက် ဆန္ဒဖေါ်ထုတ်
by -
နိရဥ္စရာ

ရခိုင်မြေပေါ်တွင် မွေးဖွားကြီးပြင်းပြီး ရခိုင်မြေပေါ်တွင် နေစရာမဲ့နေကြသော သံတွဲမြို့နယ်မှ အိမ်ခြံမဲ့သူများ သည်  ဇန်နဝါရီလ ၁၉ ရက်နေ့က ဆန္ဒပြပွဲတစ်ခု ပြုလုပ်ကာ အိမ်ခြံမြေ ရရှိရေး အတွက် တောင်းဆိုခဲ့ကြ သည်ဟု သတင်းရရှိသည်။

သံတွဲမြို့နယ် ဂျိတ္တောကျေးရွာတွင် အိမ်ထောင်စု ၁၁၈၁ စု၊ စုစုပေါင်းလူဦးရေ ၆၀၀၀ ခန့်သည် နေစရာ မရှိဘဲ အိမ်ခြံမဲ့ဖြစ်နေကြရသည့်အတွက် နိုင်ငံတော် အကြီးအကဲများ သိရှိနိုင်အောင် ရည်ရွယ်ပြီး ဆန္ဒပြပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဦးဆောင်ပါ၀င်ခဲ့သူ လူမှုအကျိုးဆောင် ဦးကျော်သိန်းနိုင်က ပြောသည်။

narinjara 2001

“ကျွန်တော်တို့ ဒီမှာ လာရောက်လုပ်ကိုင် စားသောက်နေကြတာဟာ ၁၀ နှစ်မှ နှစ် ၄၀ ထိ ရှိနေကြပါပြီ။ အိမ်ခြံမြေ မရှိတဲ့ အတွက် သူများအိမ်တွေမှာ ငှားရမ်းပြီး နေရပါတယ်။ အိမ်ငှားခက တလကို အနည်းဆုံး ၂၀၀၀၀ ကျပ်ကနေ ၄၀၀၀၀ ကျပ်ထိ ရှိပါတယ်။ နှစ်အတွက် ငှားရင်တော့ ၂ သိန်းကနေ ၄ သိန်းထိ ပေးနေရပါ တယ်။ မြေ ၁ ဧကကို အနည်းဆုံး ကျပ်သိန်း ၅၀၀ ကနေ ကျပ်သိန်း ၁၀၀၀၀ ထိ ရှိနေတော့ ၀ယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အဲဒါကြောင်း ဒီလို ဆန္ဒပြ တောင်းဆိုရခြင်း ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ မြေနေရာ အများအပြားမှာ ယခင်စစ်အစိုးရ လက်ထက်က အာဏာရှိသူများက သိမ်းယူ ထားပြီး တချို့မြေများကို ယင်တို့နှင့် နီးစပ်သူများက ၀ယ်ယူထားသဖြင့် သာမန် ဒေသခံများအတွက် အိုးအိမ်ထူထောင်ရန် မြေမဲ့နေကြောင်း ဆန္ဒပြရာတွင် ပါ၀င်သူ ဂျိတ္တော ဒေသခံ အမျိုးသမီး တစ်ဦးက ဆိုသည်။

ယင်းဂျိတ်တော ဒေသခံများ သည် အဓိက ပယ်လယ်ပြင်ကို အမှီပြုလုပ်ကိုင် စားသောက် နေထိုင်ကြသူ များဖြစ်ကြသည်။ ယခုအခါ သံတွဲမြို့နယ် ပင်လယ်ကမ်းခြေများကိုသာမက တောင်များကိုလည်း အာဏာရှိသူများနှင့် ဒေသပြင်မှ စီးပွားရေး သမားများက နည်းအမျိုးမျိုးဖြင့် ပိုင်ဆိုင် ထားကြသဖြင့် တောင် ယာနှင့် ဥယျာဉ်စိုက်ပျိုးရေးကိုလည်း လုပ်ကို်င်၍ မရကြောင်းသိရသည်။

ဆန္ဒပြရာတွင် ပါ၀င်သူများသည် (၁) ရခိုင်ပြည်နယ်မှာ ရခိုင်သားများ နေစရာမရှိပါ၊ (၂) ဦးသိန်းစိန် အစိုးရ အိမ်ခြံမြေ ဖေါ်ဆောင်ပေးပါ၊ (၃) ခရိုနီ ပပျောက်ရေး ဒို့အရေး၊ (၄) အိမ်ခြံမြေရရှိရေး နှောက်ယှက်သူ ငါတို့ရန်သူ၊ (၅) ခြေသလုံးအိမ်တိုင် ဖြစ်နေတာ မမြင်ဘူးလား၊ (၆) တိုင်းတပါးသား အိမ်ယာမြေပိုင်ဆိုင်မှု အလိုမရှိ၊ (၇) ရခိုင်ပြည်ကို ချစ်တယ်ဆိုရင် ရခိုင်သားကို အလေးထား၊ (၈) ဆင်းရဲသား ပပျောက်ရေး ကူညီပေးပါ၊ (၉) ဘာသာခြားများ နယ်ချဲ့လာ မြန်မာပြည်မှာ စိုးရိမ်စရာ၊ (၁၀) အိမ်ခြံမြေရရှိရေး ချချင်းဆောင်ရွက်ပေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

ဂျိတ္တောရွာတွင် ရခိုင်ပြည်နယ်အရပ်ရပ်မှ လာရောက်နေထိုင်သူများနှင့် ဒေသခံဂျိတ်တော နေသူများ အတွက် အိမ်ခြံမဲ့များအား နေရာချထားပေးရေး အဆိုကို လာမည့်ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းရန် စီစဉ်ထားကြောင်း မြေပုံမြို့နယ် ရခိုင်ပြည်နယ်လွှတ်တော် အမတ် ဦးအောင်ဝင်းက ပြောသည်။

ဆန္ဒပြသူများသည် ဂျိတ္တောမှ မြပြင်ဟိုတယ်အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး လူအင်အား ၈၀၀ ခန့် ပါ၀င်ကြောင်းသိရသည်။

ဆန္ဒပြပွဲကို အိမ်ခြံမဲ့ဖြစ်နေသူများနှင့် ရခိုင်လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲကို မွန်းတည့် ၁၂ နာရီတွင် စတင်ပြီး မွန်းလွဲ ၂ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ ဆန္ဒပြပွဲကို ဒေသဆိုင်ရာ အာဏာပိုင်များ ခွင့်ပြုချဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ရခိုင်ပြည်နယ်အရပ်ရပ်မှ ရခိုင်ပြည်သူများ ဂျိတ္တောတွင် လာရောက်လုပ်ကိုင် စားသောက်ကြရခြင်းမှာ မိမိတို့ ဒေသတွင် အလုပ်အကိုင် ရှားပါး၍ ဖြစ်ပြီး ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် သဘာဝ သယံဇာတ ပေါကြွယ်ဝသော်လည်း မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံး ဖြစ်နေသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ပြန်လည်နေရာချထားရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်မှာ ရခိုင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းဖြစ်ကြောင်း လေ့လာ သိရှိရသည်။

သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးကမူ အထက်ကို တင်ပြပြီး ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

Most read this week