မောင်တောတွင် ၁၂ နှစ်အရွယ်မိန်းကလေးတစ််ဦး အဓမ္မပြုကျင့်ခံရ

မောင်တောတွင် ၁၂ နှစ်အရွယ်မိန်းကလေးတစ််ဦး အဓမ္မပြုကျင့်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အနောက်ဘက်နယ်စပ်တွင် အသက် ၁၂ နှစ်အရွယ်မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခဲ့ရသည်ဟု သတင်း ရရှိသည်။

ယင်းဖြစ်စဉ်မှာ ယခုလ ၁၄ ရက်နေ့က မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မောင်တောမြို့နယ်  နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အသက် (၂၀) နှစ် အရွယ်တပ်သား တစ်ဦးအား ဖမ်းဆီးထားသည်ဟု သိရသည်။

မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာမှ ၁၂ နှစ်အရွယ်ရှိ မ +++ သည် ယင်းနေ့ညနေ ၈ နာရီခန့်တွင် ယင်းကျေးရွာရှိ နေအိမ်တစ်လုံး၌ TV ကြည့်နေစဉ် ခရေမြိုင်ကျေးရွာအနီးတာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့် တပ်မှ ရဲတစ်ဦး ဖြစ်သူ အသက် ၂ဝ ကျော်အရွယ် အောင်မြတ်သူက မ +++  အား အိမ်အောက်သို့ ခေါ်ကာ သူနှင့်ခိုးရာ လိုက်ပြေးရန် ခေါ်ဆောင်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

“အဲလိုခေါ်တော့ အဲဒီကလေးမလေးက မလိုက်ဘူးငြင်းတယ်။ ဒါနဲ့ အောင်မြတ်သူက ကောင်မလေးကို ပါးစပ်ပိတ်ပြီး အပြင်ကို ခေါ်သွားတယ်။ နောက်တော့ ပါးကို သုံးလေးချက်လောက်ရိုက်ပြီးတော့ အဓမ္မပြုကျင့် ခဲ့တာပဲလို့ ကောင် မလေးကထွက်ဆိုတယ်”ဟု ယင်းအမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးကဆိုသည်။

ယင်းနေ့ည ၉ နာရီကျော်ချိန်အထိ ၎င်းမိန်းခလေးမှာ အိမ်ပြန်မလာသဖြင့် မိသားစုများ လိုက်လံရှာဖွေရာ သူမကို ကားလမ်း အနီးတွင် ငိုလျက်တွေ့ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယခုအခါ အမှုကျူးလွန်သူအား သူတာဝန်ကျရာနယ်ခြားစောင့်ရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားပြီး သူ့အား အမှုဖွင့်ကာ ဥပဒေအရအရေးယူရန် စီစဉ်နေကြောင်းလည်း ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် မောင်တော မြို့ခံတစ်ဦးက  ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မောင်တောရဲစခန်းသို့ ဆက်သွယ်ရာ ၎င်းနယ်မြေမှာ နယ်ခြားစောင့်တပ်ဖွဲ့ အပိုင် ဖြစ်သဖြင့် ယင်းသို့ ဆက်သွယ်မေးမြန်းရန် ပြောကြားသည်။ မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ နယ်ခြား စောင့်တပ်ဖွဲ့အနေဖြင့် မီဒီယာများမှ မေးမြန်းချက်များကို တစ်ကြိမ် တစ်ခါမျှ ပြန်လည် ဖြေကြားခြင်း မရှိသဖြင့်  အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်းနိုင်ခြင်းမရရှိခဲ့ပါ။

Most read this week