AAPP အဖွဲ့ဝင်များ သံတွဲတွင် နိုင်/ကျဉ်းဟောင်းများနှင့် တွေ့ဆုံ

AAPP အဖွဲ့ဝင်များ သံတွဲတွင် နိုင်/ကျဉ်းဟောင်းများနှင့် တွေ့ဆုံ
by -
နိရဥ္စရာ

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) မှ အဖွဲ့ဝင်များသည် ယခုလ ရ ရက်နေ့က သံတွဲမြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအဝင် ၎င်းတို့ မိသားစုများနှင့် တွေ့ဆုံခဲ့သည်ဟု သတင်း ရရှိသည်။

ယင်းတွေ့ဆုံပွဲကို သံတွဲမြို့ NLD ရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး AAPP နှင့် FPPS အဖွဲ့ဝင်များ၊ NLD မှ တာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်များ စုစုပေါင်း ၄၀ ခန့်တက်ရောက်ခဲ့သည်။

narinjara090101

တွေ့ဆုံပွဲ အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုတင်မောင်ဦးက “ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တိုင်းမှာ နိုင်ကျဉ်း အဖွဲ့တွေဖွဲ့စည်းပြီး ကွန်ရက်သဖွယ် အချင်းချင်း ဆက်သွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

AAPP မှ ကိုချစ်ကိုလင်းမှ AAPP ၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများကို ပြောကြားရာတွင် ဒေသတိုင်းတွင် နိုင်ငံရေး အကျဉ်းသားများအား ဒေသနှင့် လိုက်လျောညီထွေ ရှိမည့် သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း၊ ယင်းပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကူညီပေးမှုများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာသူများမှ သိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြပြီး နိုင်ငံရေး အကျဉ်းသားများ၏ အသင့်ပါလာသော ဖေါင်များတွင် ကိုယ်ရေးရာဇဝင်များကို ဖြည့်စွက်ခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းအများအပြားရှိပြီး ယခုလက်ရှိ အချိန်ထိ ရခိုင်ပြည်နယ်ရှိ ထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၆ ဦးရှိကြောင်း စာရင်းကောက်ခံနေသူ ဦးရက္ခဝံသက နိရဥ္စရာသို့ ဇန်နဝါရီလ ရ ရက်နေ့က ပြောဆိုသည်။

Most read this week