ဦးဥတ္တမ ကြေးသွန်းရုပ်ထု တောင်ကုတ်တွင်ထားရှိမည်

ဦးဥတ္တမ ကြေးသွန်းရုပ်ထု တောင်ကုတ်တွင်ထားရှိမည်
by -
နိရဥ္စရာ

မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမကြေးသွန်းရုပ်ထုတစ်ခုကို သွန်းလောင်းပြီး တောင်ကုတ်မြို့တွင် ဂုဏ်ပြုထားရှိရန် တောင်ကုတ် ဒေသခံများက စီစဉ်နေကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က တောင်ကုတ်မြို့ ဓမ္မဝိဇယ ဓမ္မာရုံကြီးတွင် ပြုလုပ်သော လူပေါင်း ၉၀ ကျော်တက်ရောက်ခဲ့သည့် အစည်းအဝေးမှ ယင်းသို့ ဦးဥတ္တမ ရုပ်ထုအား သွန်းလုပ်ထားရှိရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

u-ottama

ယင်းအစည်းအဝေးတွင် လူပေါင်း (၄၀) ပါ၀င်သော ဦးဥတ္တမရုပ်ထု သွန်းလုပ်ရေး ကော်မတီ တစ်ခုကိုလည်း ဖွဲ့စည်းခဲ့ကြပြီး ဥက္ကဌ အဖြစ် ဦးစံဆင့် တာဝန်ယူသွားမည်ဟု သိရသည်။

“တက်ရောက်လာသူတွေအကုန်လုံးက သဘောတူတယ်။ ဦးစံဆင့်ကို ဥက္ကဌ တာဝန်ပေးပြီး လူပေါင်း ၄၀ နဲ့ ကော်မတီ တစ်ခုကို ဖွဲ့စည်းခဲ့ကြတယ်။ လုပ်ငန်းဖေါ်ဆောင်ရေး ဆပ်ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်” ဟု လူထုအကျိုးဆောင်ကော်မတီ (တောင်ကုတ်) မှ ဦးဇေယျာကျော်က ပြောသည်။

ဦးဥတ္တမ ကြေးသွန်းရုပ်ထု ဖြစ်မြောက်ရေး အတွက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ကျပ် သိန်း (၅၀) ပံ့ပိုးကူညီထားကြောင်းလည်း သိရသည်။

ဦးဥတ္တမ ကြေးသွန်းရုပ်ထုအား ၆ ပေ အမြင့် သွန်းလုပ်ရန် ရာတားထားကြောင်း၊ သို့သော်လည်း အရွယ်အစားကို အများနှင့် တိုင်ပင်ညှိနိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခု ဖွဲ့စည်းထားသော ကော်မတီအနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့် လူမူရေးကွန်ယက်များမှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဇေယျာကျော်က ပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော ဆရာတော် ဦးဥတ္တမ ကြေးရုပ်ထု သွန်းလုပ်ရေး အစည်းအဝေးကို လူထု အကျိုးဆောင်ကော်မတီ (တောင်ကုတ်)က ခေါ်ယူကျင်းပပေးခဲ့ခြင်း ဖြစ်ပြီး ယင်းအစည်းအဝေးသို့ မြို့နယ် သံဃနာယက ဆရာတော်ကြီးများ၊ မဘက ဥက္ကဌဆရာတော်၊ အရပ်ဘက် လူ့မှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

Most read this week