ANC အတွင်းရေးမှူးနှင့် NUPA ဒုဥက္ကဌ ပါတီ တာဝန်များမှ ရပ်ဆိုင်းခံရ

ANC အတွင်းရေးမှူးနှင့် NUPA ဒုဥက္ကဌ ပါတီ တာဝန်များမှ ရပ်ဆိုင်းခံရ
ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နှင့် ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ (NUPA) ဒုဥက္ကဌ ဒေါက်တာ ခင်မောင်တို့အား ၎င်းတို့ ထမ်းဆောင်နေသော တာဝန်များမှ အသီးသီး ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်ဟု အဆိုပါ အဖွဲ့များ၏ ထုတ်ပြန် ကျေညာချက်များအရ သိရ ...

 
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နှင့် ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ (NUPA) ဒုဥက္ကဌ ဒေါက်တာ ခင်မောင်တို့အား ၎င်းတို့ ထမ်းဆောင်နေသော တာဝန်များမှ အသီးသီး ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်ဟု အဆိုပါ အဖွဲ့များ၏ ထုတ်ပြန် ကျေညာချက်များအရ သိရသည်။
 
NUPA ၏ ဇွန်လ ၁၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အရေးပေါ် ကျေညာချက်တွင် ၂ဝဝ၉ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ပြုလုပ်သော ပါတီ ဗဟိုကော်မီတီများနှင့် တပ်မှူးကြီးများ ပါဝင်သော အစည်းအဝေးမှ ဒုဥက္ကဌ ဖြစ်သူ ဒေါက်တာခင်မောင်မှာ NUPA ပါတီ၏ ဖွဲ့စည်း အုပ်ချုပ်ပုံနှင့် မကိုက်ညီသော၊ အမျိုးသား စည်းလုံးညီညွတ်ရေးကို ဆန့်ကျင်သော လုပ်ရပ်များကို လုပ်ဆောင်နေသည့် အပြင် ပါတီ ဥက္ကဌ ဖြစ်သူကို ပါတီမှ ဖယ်ထုတ်ပြီး နိုင်ငံရေး လုပ်ကြံမူကို ဖန်တီးသဖြင့် ပါတီ၏ ဒုဥက္ကဌ နေရာမှ အကန့်အသတ် မရှိ ရပ်ဆိုင်းလိုက်ကြောင်း ဖေါ်ပြပါရှိသည်။
 
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဒေါက်တာ ခင်မောင်အား နိရဥ္စရာမှ ဆက်သွယ် မေးမြန်းရာ “သက်ဆိုင်ရာ ကာယကံရှင် မရှိဘဲ ကွယ်ရာမှာ တရားစီရင် ဆုံးဖြတ်တာဟာ (လုံးဝ) တရား မဝင်ပါဘူး။ တရားမျှ တမှုလည်း မရှိပါဘူး။ ဒီလုပ်ရပ်က လုံးဝ နိုင်ငံရေး လုပ်ကြံမှု ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကိုဘယ်သူက လုပ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အချိန်မကျသေးတဲ့အတွက် ထုတ်မပြောတော့ ပါဘူး။ ဒီလို ပါတီထဲမှာ ဝင်ရှုပ်တဲ့ အတွက် ဒီပီအေ ပါတီလည်း ပျက်စီး သွားခဲ့ပါပြီ။ နောက်ထပ် NUPA ကိုလာရှုပ်နေတာပါ။ ဒါကြောင့် ပါတီတွင်း ညီညွတ်မှုကို တည်ဆောက်ကြပါလို့ဘဲ ကျွန်တော် ပြောချင်ပါတယ်”ဟု ပြောသည်။
 
အဆိုပါ အရေးပေါ် ကျေညာချက် ထုန်ပြန်ချက်နှင့် ပတ်သက်ပြီး လက်ရှိပါတီ ဥက္ကဌဖြစ်သူ ဦးပတီးဖြူနှင့် အထွေအတွင်းရေးမှူး ဦးခိုင်ပန်းအောင်ကို ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ခရီးလွန်နေသဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။
 
အလားတူ ရခိုင်အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်အားလည်း သူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အကန့် အသတ် မရှိ ရပ်ဆိုင်းလိုက်ကြောင်း ဇွန်လ ၁၅ ရက် နေ့စွဲဖြင့် ANC က ထုတ်ပြန် ကျေညာသည်။
 
၂ဝဝ၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ပြုလုပ်သော ANC ဗဟို အစည်းအဝေးတွင် ဦးမောင်မောင်အား ANC ဖွဲ့စည်းပုံနှင့် မကိုက်ညီသော ပြစ်မူ (၉) ခုကို ကျူးလွန် နေသည်ကို တွေ့ရှိရသဖြင့် ယခုကဲ့သို့ အထွေထွေ အတွင်းရေးမှူး တာဝန်မှ အကန့်အသတ် မရှိ ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။
 
ဦးမောင်မောင်အား ဆက်သွယ် မေးမြန်းရာ သူက “ အခု ပြုလုပ်နေတဲ့ ANC ဗဟိုအစည်းအဝေးကို သူ့အနေနဲ့ အသိအမှတ် မပြုနိုင်ကြောင်း၊ သူ့ကို အစည်းအဝေးသို့ မဖိတ်သလို တခြား ဗဟို ကော်မီတီဝင်များ ကိုလည်း မဖိတ်ကြား၍ ဖြစ်ကြောင်း၊ သူတို့၏ စွပ်စွဲချက်များကိုလည်း ဖြေရှင်းစရာ မလိုကြောင်း၊ ယခုလုပ်ရပ်မှာ သူ့ နေရာကို လိုသူများ၏ လက်ချက်သာ ဖြစ်ကြောင်းနှင့် ANC ပျက်ပြိုရန် သေချာသွားပြီ ဖြစ်ကြောင်းဖြင့်” ပြောကြားသွားသည်။
 
ယခု ANC အတွင်းရေးမှူးနှင့် NUPA ဒုဥက္ကဌတို့အား တာဝန်မှ ရပ်စဲကြောင်း ကျေညာချက်များမှာ တပြိုင်နက်တည်း ထွက်ပေါ် လာသဖြင့် ယခုလုပ်ရပ်မှာ ANC အတွင်း ဂိုဏ်းဂန အုပ်စု များ၏ အားပြိုင်ပွဲ တရပ်အဖြစ် အများက မြင်နေကြသလို ANC သည်လည်း ယခင့် ယခင် နောင်တော် တပ်ပေါင်းစု ပါတီများကဲ့သို့ လမ်းဆုံးသို့ များမကြာခင် ရောက်ရှိ သွားနိုင်ကြောင်းဖြင့် သုံးသပ် ဝေဖန်သူများက ပြောဆိုနေကြသည်ဟု စုံစမ်း သိရှိရသည်။

Most read this week