မနောပွဲသို့ ဖိတ်ခေါ်ထားသူအချို့ တက်ရောက်မည် မဟုတ်ဟု တုံ့ပြန်

မနောပွဲသို့ ဖိတ်ခေါ်ထားသူအချို့ တက်ရောက်မည် မဟုတ်ဟု တုံ့ပြန်
by -
ကေအဲန်ဂျီ

ကချင်လူမျိုးစုတိုင်းမှ ယဉ်ကျေးမှုကော်မတီများသို့ မနောပွဲကရန်အတွက် လူမျိုးစုတစ်စုလျှင် လူအယောက် ၁၀၀ ဝတ်စုံအပြည့်ဖြင့် ကပြရန် တောင်းဆိုထားသော်လည်း ကချင်ရိုးရာ စာပေနှင့်ယဉ်ကျေးမှု လူငယ်ဗဟိုကော်မတီ ကမူ တက်ရောက်မည် မဟုတ်ကြောင်း ပြန်လည် တုံ့ပြန်လိုက်သည်ဟု ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှု လူငယ်ဗဟိုကော်မတီဝင် ကိုယော်ဆမ်က ပြောသည်။

“ကျနော်တို့ ရိုးရာယဉ်ကျေးမှုအဖွဲ့ကို ဖိတ်ပါတယ်။ ကျနော်တို့ကို လူမျိုးစုတစု လူ ၁၀၀ ထုတ်ပေးပါဆိုပြီး ပြော တယ်။ ဒါပေမဲ့ ကျနော်တို့ မတက်တော့ဘူး ဆိုပြီး ပြန်ပြောလိုက်ပြီ။ တက်လည်း မတက်ဘူး။ ကျနော်တို့က မနောပွဲကို တရက်တော့ လုပ်ရအောင် ဒါပေမဲ့ ဒီလို ၆ ရက်၊ ရ ရက် စည်စည်ကားကား မလုပ်ချင်ဘူး။ စစ်ပြေးဒုက္ခသည်တွေ ရှိနေတယ်။ ငြိမ်းချမ်းရေး မရသေးလို့ မနောပွဲ မလုပ်သေးဘူးဆိုပြီး ပြန်ပြောလိုက်တယ်” ဟု သူက ပြောသည်။

67th Kachin state day manau festival Jan-5-11-2015

၎င်းကော်မတီက မြစ်ကြီးနား၊ ဖားကန့်၊ ဗန်းမော်၊ တနိုင်းစသည့်မြို့နယ်များမှ ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှု လူငယ် ဗဟိုကော်မတီဝင်များက အစည်းအဝေးကျင်းပ၍ စစ်ပြေးဒုက္ခသည်များ ရှိနေပြီး ပြည်နယ် ငြိမ်းချမ်းမှု မရသေးသဖြင့် ရက်ရှည် မနောပွဲ ကျင်းပခြင်း မပြုလုပ်ရန် ကန့်ကွက်စာကို ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ယဉ်ကျေးမှု ဝန်ကြီးချုပ်တို့ထံ စာရေးသားပေးပို့ခဲ့ပြီး ဖြစ်သည်ဟု သူက ပြောသည်။

မနောပွဲ ကရန်အတွက် ဂျိန်းဖော့၊ မရူ(လောင်ဝေါ်)၊ လချိတ်၊ အဇီး(ဇိုင်ဝါး)၊ ရဝမ်၊ လီဆူ စသည့် လူမျိုးနွယ်စုတစ်ခုလျှင် အနည်းဆုံး လူ ၁၀၀ ဆီ ရိုးရာဝတ်စုံအပြည့်ဖြင့်ပါဝင်ကပြရန်နှင့် သာမန်ဝတ်စုံ အပါအဝင် မနောကသူ စုစုပေါင်း ၁၅၀၀ ခန့် ကပြရန် စီစဉ်ထားသည်ဟု မနောပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးလခရိလအောင်က ပြောသည်။

ကချင်ပြည်နယ် အစိုးရက ဦးစီးကျင်းပသော မနောပွဲသို့ တက်ရောက်ရန် စစ်ပြေးဒုက္ခသည်များအား လာရောက် ကြိုဆိုမည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီက ဖိတ်ခေါ်ထားသော်လည်း တက်မည် မဟုတ်ကြောင်း ဝိုင်းမော်မြို့နယ် မိုင်းနား စစ်ပြေးဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဆရာလရိပ်က ပြောသည်။

“မနောပွဲဆိုတာ ခေါင်းစဉ်ရှိရမယ်။ ခေါင်းစဉ် မရှိဘဲ မနောကလို့ မသင့်ဘူး။ ကျနော်တို့ စစ်ပြေးဒုက္ခသည်တွေ ဝမ်းနည်းနေရတဲ့ အချိန်မှာ ကျနော်တို့ကို အနိုင်ကျင့်တာဘဲ။ ကားနဲ့လာခေါ်လည်း မသွားဘူး။ သူတို့က အချိန် မရွေးလာလို့ ရတယ်ဆိုပြီး ဖိတ်ထားတယ်။ ဒါပေမဲ့ ကျနော်တို့ မသွားဘူး။ ဘယ်လိုမှ မကနိုင်ဘူး” ဟု သူက ပြောသည်။

ပြည်နယ်အစိုးရက တစ်ရပ်ကွက်လျှင် ၅၀ ဦးနှုန်း မနောပွဲသို့ တက်ရောက်ရန် ဖိတ်ခေါ်ထားသည်ဟု ဖေ့ဘုတ် လူမှုရေးစာမျက်နှာပေါ်တွင် ပြန့်နှံ့နေမှုအပေါ် သူက ယခုကဲ့သို့ ပြောဆိုသည်။

“ကချင်ပြည်နယ်နေ့ အခမ်းအနားကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ အထောက်အကူပြုတွေက သွားဖို့ ဌာန ဆိုင်ရာကနေ ခေါ်တာတော့ ရှိတယ်။ ကချင်ပြည်နယ်နေ့ အခမ်းအနားတက်ဖို့က ခေါ်ရမယ်လေ။ ဝန်ကြီးချုပ်က လာပြီး ဘယ်သူ့ကိုမှ မခေါ်လို့မှ မရတာ။ အုပ်ချုပ်ရေးမှူးကတော့ သွားပါလို့တော့ ပြောမှာဘဲ” ဟု သူက ပြောသည်။

လာမည့် ဇန်နဝါရီလ ၈ ရက်မှ ၁၁ ရက်ထိ မနောက ကကြမည် ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက် ကချင်ပြည်နယ်နေ့တွင် ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းက မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၅ ရက်က မနောပွဲ ကျင်းပရန်အတွက် မနောကွင်း ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင်လည်း ကချင်ပြည်နယ် ဒေသခံများနှင့် ကချင်လူမှုရေးအဖွဲ့အစည်းအချို့က တက်ရောက်ခြင်း မရှိခဲ့သလို၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း တက်ရောက်ခြင်း မရှိပေ။

Most read this week