NCCT နှင့် အစိုးရ ဇန်နဝါရီအတွင်း ဆက်လက်ညှိနှိုင်းရန် သဘောတူ

NCCT နှင့် အစိုးရ ဇန်နဝါရီအတွင်း ဆက်လက်ညှိနှိုင်းရန် သဘောတူ
by -
ကေအဲန်ဂျီ

၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလလယ်တွင် ထပ်မံတွေ့ဆုံရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (UPWC) တို့ သဘောတူခဲ့သည်။

ဒီဇင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး လုပ်ငန်း ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် နှစ်ရက်သာဆွေးနွေးမှုတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နှစ်ဖက် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲအပြီး ပူးတွဲ ကြေငြာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

MPC office rangoon

“ကျနော်တို့ စက်တင်ဘာလက NCA စာချုပ်ကို ညှိနှိုင်းလို့ မပြီးတဲ့အချက်တွေကို ဆက်လက် ညှိနှိုင်းတယ်။ စာချုပ်အပေါ် ပိုမိုပြီးတော့ သဘောတူညီချက် ရရှိလာခဲ့တယ်။ ဒါပေမဲ့ ဒီမှာကညှိနှိုင်းဆွေးနွေးပွဲ ဖြစ်တဲ့အတွက် ကျနော်တို့ အတည်ပြုလိုု့ မရဘူး။ သက်ဆိုင်ရာကို တင်ပြပြီး ရ ကြိမ်မြောက် ဆွေးနွေးပွဲမှာ ပြန်လည် ဆုံးဖြတ် အတည်ပြုရမှာ ဖြစ်ပါတယ်” ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

NCCT ဘက်မှ လိုင်ဇာတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်မျိုး ထပ်မံမဖြစ်စေရန် ဆွေးနွေးပွဲ ပြုလုပ်ရန်၊ အပစ်အခတ် ရပ်စဲထားစဉ် နှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းနှင့် ၄င်းအားဖောက်ဖျက်မှုကို တားဆီးရန် ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းရန်၊ ဆွေးနွေးပွဲများနှင့် စာချုပ်ချုပ်ဆိုရာတွင် အသိသက်သေများ ထားရှိရန် တို့ကို အဆိုပြုထားသည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းဆွေးနွေးမှုတွင် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြသော်လည်း ၄င်းတို့၏ သဘောတူညီချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီသို့ ဝန်ကြီးဦးအောင်မင်းက ပြန်လည် တင်ပြ၍ အတည်ပြုချက်ရယူရန်နှင့် NCCT ကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ပြန်လည် တင်ပြ၍အတည်ပြုချက်ရယူရန် လိုအပ်သည်ဟု သူက ဆိုသည်။

နှစ်ရက်သာ ဆွေးနွေးမှုများကို သက်ဆိုင်ရာသို့တင်ပြ၍ အတည်ပြုချက်ရယူရန် တစ်ဆို့မှုမရှိဘဲ အဆင်ပြေ ဆွေးနွေးနိုင်ခဲ့ သလို၊ NCCT ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းကလည်း လာမည့် ၂၀၁၅ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီ စာချုပ်ချုပ်ဆိုသင့်သည်ဟု မီဒီယာများရှေ့တွင် ပြောဆိုခဲ့သဖြင့် အားရမှု ရှိသည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။

“ဆွေးနွေးတာက NCA ကို အစအဆုံး ဆွေးနွေးနိုင်တယ်။ အဲဒီဆွေးနွေးတာတွေလည်း ပြန်တင်ပြပြီး အတည်ပြုချက်ရယူမယ်။ ယူပြီးရင် ကြားထဲမှာ အလုပ်အဖွဲ့တွေ ပြန်တွေ့မယ်။ နောက်၂၀၁၅ ဇန်နဝါရီ လလယ်မှာ ပြန်ဆုံမယ်။ ကျနော်တို့ အရမ်းအားရတယ်။ ဆွေးနွေးတာ ဘာမှ အထစ်အငေါ့မရှိဘူး။ ကျနော်တို့ပြောရင် တစ်ဆို့နေတဲ့ဟာ မဟုတ်ဘူး။ အတည်ပြုချက်နဲ့ အဖြေပြန်ပြီးပေးဖို့ဆိုတဲ့ ကိစ္စမျိုးလောက်ဘဲ ကျန်တယ်” ဟု သူက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ရယူရေးလုပ်ငန်း၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်လုပ်ငန်း၊ နိုင်ငံရေး ဆွေးနွေးပွဲကျင်းပခြင်း လုပ်ငန်းများတဆင့် အမြန်ဆုံး ဆောင်ရွက်ရန် နှစ်ဖက် သဘောတူခဲ့သည်ဟု ပူးတွဲထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

UPWC ဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီး ဦးခင်ရီ၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် တက်ရောက်ပြီး NCCT ဘက်မှ ပဒိုကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒုဗိုလ်မှူးကြီး လအောင်၊ ဦးထွန်းဇော်၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင် တို့ တက်ရောက်ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

သို့သော် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအပေါ် နှစ်ရက်သာ ဆွေးနွေးမှုတွင် တပ်မတော်နှင့် တိုင်းရင်းသား နှစ်ဖက်စလုံး ထိပ်ပိုင်းခေါင်းဆောင်များ သက်ရောက်ခြင်း မရှိပေ။

Most read this week