KIA စခန်းသို့ အစိုးရတပ် ၀င်ရောက် တိုက်ခိုက်၊ ၂ ဦး သေ ၁ ဦး ဖမ်းဆီးသွား

KIA စခန်းသို့ အစိုးရတပ် ၀င်ရောက် တိုက်ခိုက်၊ ၂ ဦး သေ ၁ ဦး ဖမ်းဆီးသွား
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ် မုန်းလွဲချောင်း (Munglai Hka) တဖက်ကမ်းရှိ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ ၅ လက်အောက်ခံ ရှေ့တန်းစခန်းတစ်ခုကို အစိုးရ စစ်တပ်က လာရောက် ပစ်ခတ်မှုကြောင့် KIA ရဲဘော်နှစ်ဦး ကျဆုံးကာ တစ်ဦးအား ဖမ်းဆီးသွားသည်ဟု ကေအိုင်အို ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောသည်။

လက်ရှိ အစိုးရ စစ်တပ်က စစ်အင်အားဖြည့်တင်းမှုများ ဆက်လက် ပို့ဆောင်မှုများ ရှိနေဆဲဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲ ၁ နာရီကျော်တွင် ဒေါ့ဖုန်းယန်မြို့နယ် အောက်ဆားကွန်းကျေးရွာ အနီးရှိ ကေအိုင်အေ ၏ ရှေ့တန်းစခန်းကို အစိုးရ၏ ခမရ တပ်ရင်း ၆၀၂ တပ်ဖွဲ့အင်အား ၂၀ ခန့်က လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“သူတို့ (အစိုးရ စစ်တပ်)က အမြဲတမ်းလှုပ်ရှားနေပါတယ်။ သူတို့က စစ်ရေးဖြည့်တင်းမှုတော့ အမြဲတမ်းလုပ်နေတာပါ။ ကျနော်တို့နေတဲ့ ရှေ့တန်းစခန်း လာဝိုင်းပြီး ပစ်ခတ်တာမျိုး လုပ်တယ်။ ကျနော်တို့ဘက်က ပြန် ပစ်ဖို့ အချိန်တောင် မရလိုက်ဘူး။ သူတို့ရဲ့ တဖက်သတ် လာရောက် ပစ်ခတ်မှုပေါ့ အဲမှာ ကျနော်တို့ ရဲဘော်နှစ်ယောက် ကျသွားတယ်” ဟု ဦးလာနန်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းတွင် အစိုးရ၏ စစ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့သည့် တစ်လပြည့်သည့်နေ့နှင့် တိုက်ဆိုင်နေသလို၊ အစိုးရဘက်မှ ကချင်ပြည်နယ်တွင် တည်ငြိမ်မှု မရှိသဖြင့် လုံခြံုမှု မရှိသေးကြောင်း ဖန်တီးနေခြင်း ဖြစ်သည်ဟု ဦးလာနန်က ပြောသည်။

“အခုဖြစ်တဲ့ ပစ်ခတ်မှုအားလုံးက အစိုးရဘက်ကနေပြီးတော့ ကျနော်တို့ စခန်းကို လာပြီး ချဉ်းကပ်ပြီး ပစ်ခတ်တာမျိုး၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး၊ အမြဲတမ်းလုပ်နေကြပါ။ ဒါကြောင့် သူတို့က ကချင်ဒေသမှာ တိုက်ပွဲဖြစ်နေပါတယ်။ တည်ငြိမ်မှု မရှိဘူး။ ဒါကြောင့် နိုင်ငံတကာ အကူအညီတွေက အခုအချိန်မှာ ဒုက္ခသည်တွေကို အကူအညီ မသွား သင့်ဘူး ဆိုပြီး အကြောင်းပြချက်ပေးတယ်။ အမှန်တကယ် ဒါက ရင်ဆိုင်တိုက်ပွဲလည်း မဟုတ်ဘူး။ ကျနော်တို့ တပ်စခန်းတွေကို လာပြီး တိတ်တဆိပ် ဝိုင်းယံပြီး ပစ်ခတ် တိုက်ခိုက်တဲ့ သဘောပါ။ ဒါက တိုက်ဆိုင်မှုပြောရမလား” ဟု သူက ပြောသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၀ ရက်က အဆိုပါ ကေအိုင်အေ၏ ရှေ့တန်းစခန်းအနီးရှိ အောက်ဆားကျွန်းကျေးရွာသား ၄ ဦး ကိုလည်း ကေအိုင်အိုကို အခြေချခွင့်ပြုထားသည်ဟု ဆိုကာ အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု သူက ပြောသည်။

၂၀၁၁ ခုနှစ် အစိုးရနှင့် ကေအိုင်အေတို့အကြား တိုက်ပွဲ မဖြစ်ပွားခင်ကတည်းက ၄င်းနေရာတွင် ကေအိုင်အေ က အခြေချခဲ့ပြီး ဖြစ်ပြီး အစိုးရ စစ်တပ်က ဖမ်းဆီးသွားသော ကေအိုင်အေ တပ်သားတစ်ဦးနှင့် ရွာသား ၄ ဦးတို့ကို ယနေ့ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။

အစိုးရ စစ်တပ်က လာရောက် ပစ်ခတ်မှုနှင့် ရွာသားများအား ဖမ်းဆီးသွားမှုနှင့် ပတ်သက်၍ ကေအိုင်အိုက အစိုးရ၏ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်နှင့်အဖွဲ့ထံ ကန့်ကွက်စာပေးပို့ထား ပြီး ဖြစ်ကြောင်း သူက ပြောသည်။

ကေအိုင်အေ၏ တပ်မဟာ ၃ နယ်မြေ ဗန်းမော်နှင့် မိုးမောက်မြို့နယ် ကိုင်ထိပ် (Kai Htik)၊ စိန်လုန် (Sinlum) တို့တွင် အစိုးရ၏ စစ်တပ်အင်အား အနည်းဆုံး စစ်ဗျူဟာ ၅ ခုခန့်သည် လှုပ်ရှားနေသည် ဟု ကေအိုင်အေ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ မှ ဗိုလ်မှူးကြီး ဂျွန်းအောင်က ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC)တို့ ရ ကြိမ်မြောက် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးနေသည်။

Most read this week