ကျပ်မပြည့်သော လူငယ်တစ်ဦး စစ်တပ်ထဲဝင်ရန် သိမ်းသွင်းသွားသဖြင့် မိဘဖြစ်သူများ စိုးရိမ်ပူပင်

ကျပ်မပြည့်သော လူငယ်တစ်ဦး စစ်တပ်ထဲဝင်ရန် သိမ်းသွင်းသွားသဖြင့် မိဘဖြစ်သူများ စိုးရိမ်ပူပင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သပြီကန်ကျေးရွာမှ ကျပ်မပြည့်သော လူငယ် တစ်ဦးအား စစ်တပ်ထဲဝင်ရန် သိမ်းသွင်း ခေါ်ယူသွားသဖြင့် မိသားစုဝင်များ အနေဖြင့် စိုးရိမ် ကြောင့်ကြမှုများ တိုးပွားနေကြောင်း သိရသည်။

ဖခင် ဖြစ်သူ ဦးကျော်ဝင်းက သူ၏သားမှာ အသက် (၁၉) နှစ်သာ ရှိသေးပြီး ကျပ်မပြည့်သဖြင့် သူ့အတွက် စိုးရိမ်ပူပန်မိကြောင်း နိရဥ္စရာသို့ ပြောဆိုသည်။

2010 Burma MarchingSoldiers

“ ကျွန်တော်သားက လယ်ပိုင်ရှင် တစ်ဦးဆီမှာ သူရင်းဌား လုပ်ကိုင်နေပါတယ်။ အဲသလို သူရင်းဌားလိုက်နေတဲ့ အချိန်မှာ စစ်တပ်က ခေါ်ယူသွားပါတယ်။ ခေါ်ယူသွားတဲ့ စစ်တပ် တပ်ရင်းက မင်းပြား အခြေစိုက် ခမရ ၃၇၉ ဖြစ်ပါတယ်။ သူ့က ကျပ်မပြည့်တော့ မိသားစုတွေ သူ့အတွက် အထူးစိုးရိမ်နေပါတယ်” ဟု ဆိုသည်။

ခေါ်ယူသွားခြင်း ခံရသူ လူငယ်မှာ မောင်ဝင်းဦး(ခေါ်) သာအောင်ကြီး ဖြစ်ကြောင်းသိရသည်။

၎င်းလူငယ်မှာ လွန်ခဲ့သော ၉ ရက်ခန့် ပျောက်ဆုံးသွားပြီး လိုက်လံ စုံစမ်းရာတွင် မင်းပြား အခြေစိုက် ၃၇၉ တပ်ရင်းသို့ ရောက်ရှိနေကြာင်း သိရှိရသည်ဟု သူက ဆက်ပြောသည်။

“ ကျွန်တော်သားက တစ်တန်းလောက်ဘဲ ကျောင်းနေဖူးပါတယ်။ ကျပ်လည်း မပြည့်တော့ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ထောက်ခံစာ ထုတ်မပေးဖို့ ပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း အားနဲ့ တောင်းတော့ ပေးလိုက်ရတယ်လို့ ပြောပါတယ်” ဟု ဦးကျော်ဝင်းကဆိုသည်။

တပ်မတော်သို့ ၀င်ရောက်မည့် သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ ကျောင်းထွက်လက်မှတ် မူရင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာ မြို့နယ် ရဲစခန်း၏ ပြစ်မှု ကင်းရှင်းကြောင်းထောက်ခံချက်နှင့် အိမ်ထောင်စု စာရင်းတို့ ပါရှိရမည်ဟု တွဲဘက် စစ်ရေးချုပ် ဗိုလ်မှူးကြီး သန်းဦးကဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော တပ်မတော်နှင့် မီဒီယာအကြား သတင်းစီးဆင်းမှုချောမွေ့စေရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ရှင်းလင်း ပြောကြားသည်။

ယင်းအပြင် တပ်မတော်သို့ ၀င်လိုသူ တစ်ဦးသည် အနည်းဆုံး မူလတန်း အဆင့် အောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်သည့်အပြင် ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်ဟု ပြောဆိုသည်။

Most read this week