ပစ်သတ်ခံရသော ကျောင်းသူ၏ ဖခင်ပေါ် တရားစွဲဆိုခြင်း ရုပ်သိမ်းပေးရန် Fortify Rights အဖွဲ့ တောင်းဆို

ပစ်သတ်ခံရသော ကျောင်းသူ၏ ဖခင်ပေါ် တရားစွဲဆိုခြင်း ရုပ်သိမ်းပေးရန် Fortify Rights အဖွဲ့ တောင်းဆို
by -
ကေအဲန်ဂျီ

လွန်ခဲ့သည့် ၂ နှစ်ကျော်ကြာ ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ သေဆုံးမှုကို တိုင်ကြားခဲ့သူ ဖခင် ဦးဘရန်ရှောင် အား တရားစွဲမှုမှ ရုပ်သိမ်းပေးရန် Fortify Rights အဖွဲ့ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက သမ္မတ ဦးသိန်းစိန်ကို ဒီဇင်ဘာလ ၁၈ ရက်က တောင်းဆိုလိုက်သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် အုပ်စု (၁) ဆွတ်ငိုင်ယန်ကျေးရွာ (Sut Ngai Yang) မှ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ မဂျာဆိုင်းအိန် အား ပစ်ခတ်ခဲ့သော အစိုးရ စစ်တပ်က အသက် ၄၉ နှစ် ဦးဘရန်ရှောင်ကို တရားစွဲဆိုမှုမှ ရုပ်သိမ်း ပေးပါရန် အိတ်ဖွင့်ပေးစာပေး ပို့၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၈ ရက်က သမ္မတ ဦးသိန်းစိန်ထံ စာမျက်နှာ ၄ မျက်နှာပါရှိသော အိတ်ဖွင့်စာကို Fortify Rights လူ့အခွင်အရေးစောင့်ကြည့်ရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၊ လူ့အခွင့်အရေး အတွက် ဆရာဝန်များအဖွဲ့တို့ အပါအဝင် အဖွဲ့အစည်း ၆ ဖွဲ့တို့က ဒီဇင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်လိုက်သည်။

“ဦးဘရန်ရှောင်ကို ပြစ်မှှုနဲ့ တရားစွဲတာဟာ မြန်မာစစ်တပ်၊ တရားစီရင်ရေးနဲ့ လူ့အခွင့်အရေး ကော်မရှင်တို့ အတွင်းမှာ လူ့အခွင့်အရေးကို လျစ်လျူရှှုတဲ့ အစဉ်အလာ တစ်ရပ်ကို မီးမောင်းထိုး ဖော်ပြနေပါတယ်” ဟု Fortify Rights ၏ အမှှုဆောင်ဒါရိုက်တာ Matthew Smith ကပြောသည်။

“အာဏာပိုင်တွေဟာ ပြစ်မှှုတွေ ကျူးလွန်ကြတဲ့ စစ်သားတွေကို အပြစ်ပေးသင့်တာပါ။ ဦးဘရန်ရှောင် လိုမျိုး အမှန်တရားနဲ့ တရားမျှတမှှုအတွက် ကြိုးပမ်း နေကြသူတွေကို လက်တုံ့ပြန်ရမှာ မဟုတ်ပါဘူး” ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Fortify Rights အဖွဲ့က ၂၀၁၄ ခုနှစ် သြဂုတ်လမှ စက်တင်ဘာလအတွင်း မဂျာဆိုင်းအိန် သေဆုံးမှုနှင့် ပတ်သက်၍ ဖခင်ဖြစ်သူနှင့် မျက်မြင်သက်သေ ၅ ဦးတို့ကို မေးမြန်းခြင်းနှင့် ဗီဒီယို၊ ဓါတ်ပုံ သက်သေ အထောက်အထားများနှင့် တရားရုံးတွင် တင်ပြခဲ့သော စာတမ်းများကို ပြန်လည်ဆန်းစစ်ခဲ့သည်။

မဂျာဆိုင်းအိန် သေဆုံးမှုသည် မြန်မာအစိုးရ စစ်တပ်တွင် တာဝန်ရှိကြောင်း Fortify Rights က ယုံကြည်နေပြီး ဦးဘရန်ရှောင်အား တရားစွဲဆိုထားမှုသည် မဖြစ်ထိုက်သည့် ကိစ္စဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

သမီးသေဆုံးမှုကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မတီထံ တိုင်တန်းခဲ့မှုတွင် မမှန်မကန် တိုင်တန်းသည်ဟု ဆိုကာ ဦးဘရန်ရှောင်အား ပြစ်မှုဥပေဒ ပုဒ်မ ၂၁၁ ဖြင့် အစိုးရ၏ ဒုစစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်မင်းပိုက် က ဖားကန့်မြို့နယ် တရားရုံးတွင် တရားစွဲခဲ့သည်။

အစိုးရ၏ စစ်အင်အား ၈၀ ခန့်ပါဝင်သော ခမရ ၃၈၉ စစ်ကြောင်းသည် အခင်းဖြစ်ပွားသည့်နေ့က မှော်ဝမ်း ရပ်ကွက်တွင် နားနေခဲ့ပြီး ညနေပိုင်း ၄ နာရီခန့်တွင် ရွာပြင်ထွက်ရန် ပြင်ဆင်နေစဉ် ပေါက်ကွဲသံ ကြားသဖြင့် KIO တပ်များဟု ထင်မှတ်ကာ ယင်းရွာအတွင်း ပရမ်းပတာ ပစ်ခတ်ခဲ့သည်ဟု ဦးဘရန်ရှောင်၏ တိုင်ကြားစာတွင် ပါရှိသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၉ ရက်က ပထမဆုံး ရုံးချိန်းတွင် တရားလို ဒုစစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်မင်းပိုက်က မဂျာဆိုင်းအိန် သေဆုံးမှုသည် စစ်တပ်က ပစ်ခတ်၍ သေဆုံးခြင်းမဟုတ်ဘဲ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ မိုင်းကြောင့် ဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု သိရသည်။

Mr Matthew Smith က “ဒီလို မမျှတမှှုကိုကိုင်တွယ်ဖြေရှင်းဖို့ လူ့အခွင့်အရေး ကော်မရှင်မှာ တာဝန်ရှိပေမဲ့ လူ့အခွင့်အရေး ကော်မရှင် ဟာ အခုအချိန်အထိ တိတ်ဆိတ်နေတုန်းပါပဲ” ဟု ဆိုသည်။ “ကော်မရှင်အနေနဲ့ ဦးဘရန်ရှောင်ရဲ့ အမှှုကို စုံစမ်းစစ်ဆေးပြီး ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် သူတို့ရဲ့ လုပ်ပိုင်ခွင့်တာဝန်ကို ကျေပွန်အောင် ဖြည့်ဆည်းဖို့ သိပ်ပြီးတော့ နောက်မကျသေးပါဘူး” ဟု သူက ပြောခဲ့သည်။

ဦးဘရန်ရှောင်ကို ၂ နှစ် ကျော်ကြာ တရားစွဲမှုခဲ့သော တရားလို ဗိုလ်မှူး ဇာနည်မင်းပိုက်သည် ပထမဆုံးအကြိမ် ရုံးချိန်းသာ ရောက်လာပြီးနောက်ပိုင်း ယခုထိ ရုံးချိန်းပေါင်း ၄၈ ကြိမ်မြောက်ထိ ဖားကန့်မြို့နယ် တရားရုံးသို့ ရောက်လာခြင်း မရှိသဖြင့် အမှုစစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းသာ တက်နေရသည်ဟု ဦးဘရန်ရှောင် က ပြောသည်။

“တရားလိုရဲ့ လိပ်စာတောင်မတွေ့တော့လို့ ရှာနေတုန်း။ သူ့ကို ခေါ်လို့ မရဖြစ်နေတယ်။ ကျနော်အနေနဲ့ အမှန်တရား ဘက်ကနေ စစ်ဆေးပေးရင်တော့ ကျနော်ကို စွဲထားတဲ့အမှုကလည်း သူ့အလိုလို ပျက်ပယ် သွားမယ်လို့ ယုံကြည်တယ်” ဟု ဦးဘရန်ရှောင် က ပြောသည်။ လာမည့် ဒီဇင်ဘာလ ၃၀ ရက်တွင် ၄၉ ကြိမ်မြောက် ရုံးချိန်းကို ထပ်မံ ပေးထားသည်ဟု သိရသည်။

ဒီဇင်ဘာလ ၆ ရက်က ဦးဘရန်ရှောင်နှင့် မဂျာဆိုင်းအိန် သေဆုံးမှုအတွက် ဖြစ်ရပ်မှန် ဖော်ထုတ်ရေး ကော်မတီ တို့က ရန်ကုန်မြို့တွင် သတင်းစားရှင်းလင်းပွဲ ပြုလုပ်၍ အစိုးရက ကော်မရှင် တစ်ရပ်ဖွဲ့စည်းကာ သမီးသေဆုံး မှုကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။

တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ထံ တိုင်ကြားခဲ့သော်လည်း ယနေ့ထိ မည်သို့ အကြောင်းပြန်လာခြင်း မရှိသေးပေ။

Most read this week