လုံခြုံရေးနှင့် အစိုးရခွင့် မရသဖြင့် ၂လကြာသည်အထိ ကချင်ဒုက္ခသည်များထံ ရိက္ခာ မပို့ဖြစ်

လုံခြုံရေးနှင့် အစိုးရခွင့် မရသဖြင့် ၂လကြာသည်အထိ ကချင်ဒုက္ခသည်များထံ ရိက္ခာ မပို့ဖြစ်
by -
ကေအဲန်ဂျီ

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လုံခြံုရေးနှင့် အစိုးရ၏ ခွင့်ပြုချက်မရသဖြင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသည့် စစ်ပြေးဒုက္ခသည်များကို စားနပ်ရိက္ခာများ ပို့ဆောင်ခွင့်မရခဲ့သည်မှာ နှစ်လခန့် ကြာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၆ ရက် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

“ကချင်ပြည်နယ် အစိုးရနဲ့ ကုလသမဂ္ဂရယ် သူတို့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်နေပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပို့ဖို့ အဆင် မပြေသေးဘူး။ အမြန်ဆုံး ပို့နိုင်ဖို့တော့ ကြိုးစားနေပါတယ်၊ မပို့တာ တော်တော်ကြာပြီ စက်တင် ဘာလက နောက် ဆုံးပို့တာ။ ဆောင်းတွင်းရောက်ပြီဆိုတော့ အနွေးထည်တွေ၊ အိမ်ထောင်စု သုံးပစ္စည်းတွေ၊ စားနပ်ရိက္ခာတို့ အရေးတကြီးလိုအပ်နေတယ်” ဟု ကုသလမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း က ပြောသည်။

kachin-refugee-23

UNOCHA ၏ ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် စစ်ပြေးဒုက္ခသည်များအတွက် ကူညီထောက်ပံ့ခွင့် မရခြင်းသည် အစိုးရနှင့် KIA စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် လုံခြံုရေးနှင့် အစိုးရခွင့်ပြုချက် ရယူသည့်နေရာတွင် ဗျူရိုကရက်တစ် ဆန်သည့် ကြန့်ကြာမှုများကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။

လက်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာနှင့် ဗန်းမော်တို့ရှိ ဒုက္ခသည်ပေါင်း ၂၇၅၀၀ ခန့် ရှိပြီး ထိုအထဲတွင် ကလေးငယ်ပေါင်း ၁၂၀၀၀ ခန့် တို့အတွက် စောင်နှင့် အနွေးထည်များ မပို့ဆောင်နိုင်ကြောင်း UNOCHA အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေသတွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO)နှင့် အခြား အဖွဲ့အစည်းများက စစ်ပြေးဒုက္ခသည်များ အတွက် စားနပ်ရိက္ခာနှင် အကူအညီပေးရေးနှင့် ပတ်သက်၍ အရေးတစ်ကြီး လိုအပ်နေသော နေရာများသို့ ကူညီနိုင်ရန် ကြိုးပမ်းနေသည်ဟု ထည့်သွင်းဖော်ပြထားသည်။

စက်တင်ဘာလနောက်ပိုင်း ကုလသမဂ္ဂ အကူအညီများ မရခဲ့သော်လည်း ဒေသတွင်း အကူအညီပေးနေသော အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများရရှိသဖြင့် လက်ရှိ အခက်အခဲမရှိသော်လည်း ၄င်းတို့၏ အကူအညီများ မရပါက အခက်အခဲ ကြံုတွေ့နိုင်သည်ဟု KIO မှ စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီမှ တာဝန်ခံ ဦးဒွဲပီဆာ က ပြောသည်။

“ကုလသမဂ္ဂက ထောက်ပံ့မှု မရလည်း ဒေသတွင်း အန်ဂျီအိုတွေ ကူညီနေလို့ လောလောဆယ် သိပ်အခက်အခဲတော့ မရှိသေးဘူး။ သူတို့ မထောက်ပံ့ရင်တော့ ဒုက္ခရောက်နိုင်တယ်” ဟု သူက ပြောသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများသည် ဒီဇင်ဘာ ၃ ရက်နေ့ လိုင်ဇာရှိ စစ်ပြေးဒုက္ခသည်များအား လာရောက်ကူညီရန် အကြောင်းကြားခဲ့သော်လည်း အစိုးရ ခွင့်ပြုချက်မရခဲ့သဖြင့် ယနေ့ထိ ထောက်ပံ့မှု မရောက်ခဲ့ကြောင်း သူက ဆိုသည်။

အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ များကြား ဆက်လက်တင်းမာလာသောကြောင့် ဖားကန့်ဖက်သို့ စစ်ပြေးဒုက္ခသည်များ တိုးလာကာ အကူညီများလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကုန်ပိုင်းမှစတင်၍ တစ်နှစ်ကျော်ကြာ ကချင်စစ်ပြေးဒုက္ခပေါင်း ၃ သောင်းကျော်အတွက် လစဉ် စားနပ်ရိက္ခာနှင့် မိသားစုပစ္စည်းများ ထောက်ပံ့မှုပေးခဲ့ရာမှ နှစ်လကြာ ထောက်ပံ့မှု ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

Most read this week