စစ်တွေရှိ ရိုးမအလင်း အခမဲ့ပညာသင်ကျောင်းတွင် အထက်တန်းအဆင့် မြန်မာစာနှင့်အင်္ဂလိပ်စာ စာစီကုံး ပြိုင်ပွဲကျင်းပ

စစ်တွေရှိ ရိုးမအလင်း အခမဲ့ပညာသင်ကျောင်းတွင် အထက်တန်းအဆင့် မြန်မာစာနှင့်အင်္ဂလိပ်စာ စာစီကုံး ပြိုင်ပွဲကျင်းပ
by -
နိရဥ္စရာ

စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်း ပရိဝုဏ်တွင်ရှိသော ရိုးမအလင်းအခမဲ့ ပညာသင်ကျောင်းတွင်  ဒီဇင်ဘာလ ၁၅ ရက်နေ့က အထက်တန်းအဆင့် မြန်မာစာနှင့် အင်္ဂလိပ်စာ နှစ်ဘာသာ စာစီကုံး ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ရှိ ပုဂ္ဂလိကဆရာများအသင်းကဦးဆောင်ပြုလုပ်သည့် အဆိုပါပြိုင်ပွဲကို ယင်းနေ့တွင် နှစ်ပိုင်း ခွဲ၍ ပြုလုပ်ခဲ့ပြီး နံနက် ၈ နာရီမှ ၉ နာရီအထိ မြန်မာစာ ဘာသာဖြင့်၎င်း၊ ညနေ ၄ နာရီမှ ၅ နာရီအထိ အင်္ဂလိပ်ဘာသာဖြင့်၎င်း၊ ပြုလုပ်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများ ၁၇၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

Student-contest

“အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားလေးတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မှာ မြန်မာစာနဲ့အင်္ဂလိပ်စာစာစီစာကုံးအတွက် အထောက်အကူဖြစ်စေချင်လို့ ဒီပြိုင်ပွဲကို လုပ်ရတာပါ” ဟု အသင်းဥက္ကဋ္ဌ ဆရာ ဦးမြင့်သောင်းက ပြောသည်။

ပြိုင်ပွဲတွင် ရိုးမအလင်းအခမဲ့ပညာသင်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအပြင် မြို့တွင်းရှိ အခြား စာသင်ဝိုင်းများမှကျောင်းသူ၊ ကျောင်းသားများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင် ဦးရေပေါင်း ၁၇၆ ဦးအထိရှိခဲ့ပြီး ယင်းအနက် နဝမတန်းကျောင်းသူ၊ ကျောင်းသား ၅ ဦးသာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

“ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရတဲ့အတွက် ဒီကျောင်းက ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ပါတယ်။ နောက် နှစ်တွေမှာ လည်း ဒီလိုပြိုင်ပွဲတွေရှိရင် ဝင်ပြိုင်သွားဦးမှာပါ။ ပြိုင်ပွဲကျင်းပပေးတဲ့လူကြီးတွေကိုလည်း ကျေးဇူး တင်ပါတယ်”ဟု ရိုးမအလင်းတန်းကျောင်းမှ ပြိုင်ပွဲဝင်ကျောင်းသားတစ်ဦးဖြစ်သူ မောင်ထွန်းထွန်းဝင်းက ဆိုသည်။

ယခုနောက်ပိုင်း မူလတန်းအဆင့်မှ အထက်တန်းအဆင့်ရှိကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် မြန်မာ ဘာသာနှင့် အင်္ဂလိပ်စာဘာသာတို့တွင် စာစီ စာကုံးရေးလေ့ရေးထမရှိဖြစ်လာနေသည့်အတွက် ယင်းအပိုင်း တွင် အားနည်းချက်များရှိလာနေကြောင်း ဦးမြင့်သောင်းက သုံးသပ်ပြောသည်။

“ရေးလေ့ရေးထမရှိတဲ့အခါကျတော့ စာရေးတဲအခါ သူတို့ပြောချင်တာတစ်မျိုး။ သုံးထားတဲ့အသုံး အနှုန်း ကတစ်မျိုး။ အဲလိုတွေဖြစ်နေကြတယ်။ တချို့ဆို ဒီပြိုင်ပွဲကိုတောင်မပြိုင်ရဲဘူး။ ကြောက်စိတ်တွေ လွှမ်းမိုးနေ တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိကြဘူး။ ဒါတွေကို အခြေခံ အဆင့်ကနေ ဆရာ၊ ဆရာမတွေအနေနဲ့ ကြီးကြပ် ပြီး train လုပ်ပေးသင့်တယ်”ဟု သူကဆက်လက်သုံးသပ်ပြောဆိုသည်။

ယခုကျင်းပခဲ့သည့်စာစီကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များအတွက် ဆုကြေးများအဖြစ် မြန်မာစာပထမဆု ကျပ် ၅ သောင်း၊ ဒုတိယဆု ကျပ် ၃ သောင်း၊ တတိယဆု ကျပ် ၂ သောင်းနှင့် နှစ်သိမ့်ဆု ၁ သောင်းဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။

အလားတူ အင်္ဂလိပ်စာဘာသာအတွက်လည်း ပထမဆု ကျပ် ၅ သောင်း၊ ဒုတိယဆု ကျပ် သောင်း၊ တတိယဆု ကျပ် ၂ သောင်းနှင့် နှစ်သိမ့်ဆု ၁ သောင်းဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။

ဆုရရှိသည့်ကျောင်းသူ၊ ကျောင်းသားများကို ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်တွင် စစ်တွေမြို့၊ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်း၌ချီးမြှှင့်ပေးသွားမည်ဟု သိရသည်။

ယခုပြိုင်ပွဲကို ပထမအကြိမ်ပြုလုပ်ခြင်းဖြစ်ကာ နှစ်စဉ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဆက်လက် ကျင်းပ နိုင်ရန်ကြိုးစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ စစ်တွေမြို့နယ်မှ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား များ အပါအဝင် ပြည်နယ်တွင်းရှိ အခြားမြို့နယ်များမှ ကျောင်းသူ၊ ကျောင်းသား များလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင် သည်ဟုလည်း ဆရာ ဦးမြင့်သောင်းက ပြောသည်။

Most read this week