ကျေနပ်အားရမှု မရှိသေးသည့် အချက်များ အစိုးရနှင့် NCCT ခရစ္စမတ်မတိုင်မီ ဆွေးနွေးမည်

ကျေနပ်အားရမှု မရှိသေးသည့် အချက်များ အစိုးရနှင့် NCCT ခရစ္စမတ်မတိုင်မီ ဆွေးနွေးမည်
by -
ကေအဲန်ဂျီ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်မတိုင်မီ ရန်ကုန်မြို့တွင် ပြန်လည်တွေ့ဆုံရန် ဒီဇင်ဘာလ ၁၅ ရက်က NCCT နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် သဘောတူလိုက်သည်။

“ဆက်လက် ဆွေးနွေးမယ်၊ အပြတ်မခံဘူးဆိုတဲ့ အခြေခံ အချက်ရတာပေါ့။ ဒါကြောင့် ခရစ္စမတ် မတိုင်ခင်မှာ မဖြစ်မနေ ပြန်တွေ့ဖို့ ဆုံးဖြတ်ချက် ရှိတာပေါ့။ ကျနော်တို့ ပြန်တွေ့ကြဖို့ ရှိပါတယ်” ဟု ဆွေးနွေးပွဲအပြီး သတင်းထောက်များကို NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ဒီဇင်ဘာလ ၂ ရက်က NCCT ဘက်မှ မေးမြန်းခဲ့သော အချက် ငါးချက်အပေါ် ဝန်ကြီး ဦးအောင်မင်းက မကြာသေးမီ ရက်ပိုင်းက ပြန်လည် အကြောင်းပြန်လိုက်သော်လည်း တချို့ အချက်များ အကြောင်းပြချက် လုံလောက်မှု မရှိဘဲ ကျေနပ်မှု မရသေးသဖြင့် လာမည့် ရန်ကုန်မြို့ တွေ့ဆုံဆွေးနွေးပွဲတွင် ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့သည်ဟု သူက ဆိုသည်။

လိုင်ဇာတွင် ဖြစ်ပွားခဲ့သော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗိုလ်သင်တန်းကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပေါ် တာဝန်ယူဖြေရှင်းနိုင်ရန် အပါအဝင် အချက် ၅ ချက်ကို UPWC ကို မေးမြန်းခဲ့မှုအပေါ် ဆက်လက် ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

“ဆက်လက် တောင်းဆိုသွားဖို့တော့ ရှိတယ်။ ဥပမာ ဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ရေးဆိုတဲ့ အချက်တွေ၊ ထိခိုက် နစ်နာတဲ့ အဖွဲ့အစည်း ငါးဖွဲ့ အပါအဝင် ကျန်တဲ့အဖွဲ့တွေနဲ့ တွေ့ဆုံရှင်းလင်းဖို့ ဆိုတဲ့ အဲဒီလို အခြေခံလေးတွေ အပေါ်မှာ ကျနော်တို့ တရားဝင် တောင်းဆိုပြီးတော့ ဆက်လက် ညှိနှိုင်းသွားမယ်” ဟု ခွန်ဥက္ကာ က ဆက်လက် ပြောဆိုသည်။

လာမည့် ခရစ္စမတ်မတိုင်မီ တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့သော်လည်း ၄င်းဆွေးနွေးပွဲကို “လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲ” ဟု အမည်တပ်၍ နှစ်ရက်ကြာ ဆွေးနွေးရန် NCCT ဘက်မှ တင်ပြလာသည်ဟု MPC မှ အကြီးတန်း အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောသည်။

 “ဒီနေ့ နောက်ဆုံးဆွေးနွေးပွဲမှာ သေချာပေါက် ပြောလို့ ရတာက ခရစ္စမတ် မတိုင်ခင် ဆွေးနွေးပွဲ ရှိမှာပါ။ ဒီဆွေးနွေးပွဲကိုတော့ NCCT ဘက်က လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲလို့ အမည်တပ်စေချင်ပါတယ်၊ အမှန်က ခုနှစ်ကြိမ်မြောက် ဆွေးနွေးပွဲ လုပ်ရမှာ။ သူတို့ (NCCT) က ခုနှစ်ကြိမ်မြောက် ဆွေးနွေးပွဲ အနေနဲ့ မတက်ချင်ဘူး။ ညှိနှိုင်းစရာတွေ ရှိတယ်။ ဒါပေမဲ့ NCA ထပ်ဆွေးနွေးမှာဘဲလို့ ပြောတယ်။ အတူတူပါဘဲ။ ဒီခေါင်းစဉ်နဲ့ဒါဘဲ ဆွေးနွေးမှာဘဲ” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၄ ရက်ခန့်က NCCT ၏ မေးမြန်းချက်အပေါ်ဝန်ကြီး ဦးအောင်မင်းက အကြောင်းပြန်ကြားခဲ့ပြီး ဖြစ်ရာ တစ်ချို့အချက်များကို လာမည့် ရန်ကုန်မြို့တွင် ကျင်းပမည့် တွေ့ဆုံဆွေးနွေးမှုတွင် ဆက်လက် ဆွေးနွေးရန် လိုအပ်သေးကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်တွင် KIA ဗိုလ်သင်တန်းကျောင်းကို အစိုးရ စစ်တပ်က ပစ်ခတ်မှုကြောင့် ပလောင်၊ ချင်း၊ ရခိုင်နှင့် ABSDF တို့မှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရခဲ့သည်။ ၄င်းဖြစ်ရပ်အပေါ် ကေအိုင်အေ၏ နှစ်ကြိမ်တိုင် တိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်မှ စစ်သည် ၄ ဦး ဒဏ်ရာရခဲ့သဖြင့် တန်ပြန်သတိပေး ပစ်ခတ်ခြင်း ဖြစ်သည်ဟု တပ်မတော်ဘက်မှ ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် NCCT က ရန်ကုန်ဆွေးနွေးပွဲ တက်ရောက်မည့် ခေါင်းဆောင်များအား ရွေးချယ်ခြင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် ဆွေးနွေးပွဲ တက်ရောက်မည့် ခေါင်းဆောင်များ၏ လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းတို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ပထမနေ့ဆွေးနွေးမှုတွင် MPC ဘက်မှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဒေါက်တာမင်းဇော်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးညိုအုန်းမြင့်၊ ဦးအောင်မြတ်လင်းတို့ ၆ ဦးတက်ရောက်ခဲ့ပြီး NCCT ဘက်မှ နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွန်မောင်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့အပါအဝင် ၁၀ ဦးကျော် တက်ရောက်ခဲ့သည်။

Most read this week