အချိန်ပို လုပ်အားခအတွက် တိုင်ကြားရာမှ စစ်တွေ ရေနက်ဆိပ်ကမ်းလုပ်ငန်းခွင် ၀န်ထမ်း ၂ ဦး အလုပ်ထုတ်ခံရ

အချိန်ပို လုပ်အားခအတွက် တိုင်ကြားရာမှ စစ်တွေ ရေနက်ဆိပ်ကမ်းလုပ်ငန်းခွင် ၀န်ထမ်း ၂ ဦး အလုပ်ထုတ်ခံရ
by -
နိရဥ္စရာ

အချိန်ပို လုပ်အားခ မပေး၍ ရခိုင်ပြည်နယ် စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေးမှူးကို တိုင်ကြားရာမှ  ကုလားတန်စီမံကိန်း၏ တစိတ်တဒေသဖြစ်သော စစ်တွေ ရေနက်ဆိပ်ကမ်း လုပ်ငန်းခွင်မှ ၀န်ထမ်းနှစ်ဦး အလုပ်ထုတ်ပယ်ခံလိုက်ရသည်ဟု ထုတ်ပယ်ခံရသူများက ပြောသည်။

အလုပ်ထုတ်ခံလိုက်ရသူ နှစ်ဦးမှာ ဆိပ်ကမ်း ညစောင့်လုံခြံုရေး ၀န်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ကြသော ဦးသိန်းအောင်ထွန်းနှင့် ဦးသန်းအောင်တို ့ဖြစ်ကြသည်။

DSCN8113

သူတို့ နှစ်ဦးမှာ ၂၀၁၁ ခုစက်တင်ဘာလမှ အလုပ်စတင် ၀င်ရောက်ခဲ့ကြသူများဖြစ်ကြောင်း၊  ၂၀၁၄ ခု အောက်တိုဘာလ အထိ အချိန်ပိုလုပ်အားခများ မရရှိသဖြင့်  ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ကြောင်း၊ ထိုသို့ တိုင်ကြားအပြီး  နိုဝင်ဘာလ (၁) ရက်နေ့တွင် ဆိပ်ကမ်း အလုပ်သမားများတာဝန်ခံက အလုပ်မှ ထုတ်ပယ် ခံရကြောင်း ၎င်းတို ့၏ တိုင်ကြားစာထဲတွင် ရေးသား ဖေါ်ပြထားသည်။

အလုပ်မှ ထုတ်ပယ်ခံလိုက်ရသဖြင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ထံ ထပ်မံ၍  စာရေး တောင်းဆိုခဲ့ကြောင်း အလုပ်ထုတ်ခံရရာတွင် ပါ၀င်သူ ညစောင့် ၀န်ထမ်း အဖြစ် လုပ်ကိုင်ခဲ့သူ ဦးသိန်းအောင်ထွန်းက ပြောဆို သည်။

“ကျွန်တော်တို့ အလုပ်လုပ်ခဲ့တဲ့ ကာလအတွင်း တစ်နေ့ကို အချိန်ပို (၄) နာရီ ထိ လုပ်ကိုင်ခဲ့ကြရတာတွေ ရှိပါတယ်၊ အဲဒီထဲမှာ  အချိန်ပို (၂) နာရီ အတွက်သာ ပိုက်ဆံ ပေးပြီး၊ ကျန် ၂ နာရီအတွက် လုံးဝမပေးတဲ့ တာကြောင့် အားလုံးသူအတွက် မခံရပ်နိုင်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီ တိုင်တယ်။ ဒါပေမယ့် ဘာမှ မထူးတဲ့ အပြင် အလုပ်ကနေ အထုတ်ခံလိုက်ရပါ တယ်” ဟု သူက ဆိုသည်။

အလုပ်မှ ထုတ်ပယ်ခံရသဖြင့်  မကျေနပ်၍ ခုထပ်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံ ထပ်မံ တိုင်ကြား လိုက်သည်ဟု  ၎င်းက ဆက်လက် ပြောဆိုသည်။

စစ်တွေရေနက်ဆိပ်ကမ်းကို တည်ဆောက်သော ESSAR ကုမ္ပဏီ၏ အလုပ်သမား ဥပဒေအရ အလုပ်သမား တစ်ယောက်သည် တစ်နေ့ (၈) နာရီ အလုပ် လုပ်ရမည် ဖြစ်ပြီး တစ် ပတ်တွင် (၆) ရက် (၄၈) နာရီ လုပ်ခွင့်ရှိသည်ဟု ဆိုသည်။

ယင်းထက်ပိုသော အလုပ်ဆင်းချိန်များကို အချိန်ပို အဖြစ် သတ်မှတ်ထားပြီး လုပ်အားခ ပေးဆောင်ရမည်ဟု ပါရှိသည်ဟု သိရသည်။  အချိန်ပိုလုပ်အားခမှာလည်း သာမန်လုပ်ခလစာထက်  ၂ ဆ ပိုပေးရမည်ဟု အဆိုပါ ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရာတွင် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ဦးသိန်းအောင်ထွန်းက ထုတ်ဖေါ် ပြောဆိုသည်။

ESSAR ကုမ္ပဏီနှင့် အစိုးရတို့ သဘောတူညီထားသော အလုပ်သမားဥပဒေ အရ အလုပ်သမား တစ်ဦး တစ်နေ့ လုပ်ချိန်ကို ၈ နာရီ သတ်မှတ် ထားပြီး၊ အဆိုပါ ညစောင့်ဝန်ထမ်း ၂ ဦးမှာ တစ်နေ့ ၁၂ နာရီ ပတ်လုံး တာဝန်ယူခဲ့ရသဖြင့် အချိန်ပို ၄ နာရီရှိရာတွင် အချိန်ပို  ၂ နာရီသာရရှိကြောင်း၊ သို့ဖြစ်၍ ၄င်းတို့ လုပ်ဆောင် ခဲ့သည့် သက်တမ်းအချိန်ပို  ၂နာရီ အတွက် လုပ်အားခများကို တောင်းဆိုခြင်းခဲ့ရခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

ကုမ္ပဏီ၏ အလုပ်သမားတာဝန်ခံ ဦးမြင့်ဇော်ကမူ ယင်းကဲ့သို့ အချိန်ပိုလုပ်အားခ အပြည့်အဝမရရှိ၍ တိုင်ကြားသူများကို အလုပ်မှ ထုတ်ပယ်ခဲ့ခြင်း မရှိကြောင်း၊ လုပ်ငန်းပြီးစီးမှုကြောင့် အလုပ်သမားများကို လျော့ချခြင်းသာလျှင်ရှိကြောင်း၊ ၀န်ထမ်းများကို မလျော့ချမီ (၂ ) လ ကြိုတင်၍ အကြောင်း ကြားထား ခဲ့ကြောင်း၊ အလုပ်သမားများ၏ ထမ်းဆောင်ခဲ့သော လုပ်သက်နှင့် ပတ်သက်သည့် ခံစားခွင့်များ ကိုလည်း ESSAR ကုမ္ပဏီက ပေးအပ်ခဲ့ကြောင်း၊ လုပ်သက် (၁) နှစ်ပြည့်သူများကို အခြေခံလစာ၏ သုံးဆနှင့် လုပ်သက် (၃) နှစ် ထမ်းဆောင်ခဲ့သူများကို အခြေခံလစာ၏ ၅ ဆကို ခံစားခွင့်ပေးအပ်ခဲ့ကြောင်း ချေပ ပြောဆိုသည်။

“ အလုပ် ထုတ်တာမရှိဘူး၊ အလုပ်ကထုတ်ပြီး လူစားထိုးတာလည်း မရှိဘူးခင်ဗျာ၊ ဆိပ်ကမ်းကပြီးနေပြီ၊ မြေပေါ် အလုပ်လောက်ပဲ ကျန်တော့တယ်၊ အလုပ်သမားလျော့တာက သူတို့ ၂ ယောက်မဟုတ်ဘူး၊ အားလုံး ၆ ယောက်ပါ၊  အလုပ်မထုတ်ခင် ၂ လ အရင်က ပြောထားပြီးသားပဲ” ဟု ဦးမြင့်ဇော်က ဆိုသည်။

စစ်တွေအိန္ဒိယ ဆိပ်ကမ်းမှာ ပြီးစီးလုနီးပါး ရှိနေပြီ ဖြစ်သဖြင့် ယခုနှစ် မတ်လကတည်းကစပြီး အလုပ်သမားများကို လျော့ချနေကြောင်း၊ ထိုအထဲတွင် ညစောင့်ဝန်ထမ်း ၂ ဦး၊ ဒရိုင်ဘာ ၁ ဦး၊ workshop  လုပ်ငန်းမှ ၁ ဦး၊ HR ရုံးဝန်ထမ်း ၁ ဦးနှင်ြ့  အင်ဂျင်နီယာ ၁ တို့ဖြစ်ပြီး ယင်းအထဲတွင် ယခုအလုပ်မှ ထုတ်ခြင်း ခံရသည်ဆိုသည့် ညစောင့် ၂ ဦးပါ၀င်ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများမှ ပြောကြားသည်။

အဆိုပါဆိပ်ကမ်းရှိအလုပ်သမား ၀န်ထမ်းတစ်ဦး၏ အခြေခံလစာမှာ ၆၅၀၀၀ ကျပ်မှ ရှိပြီး၊ အချိန်ပို ၃ နာရီ အတွက် လုပ်အားခကိုအချိန်ပိုလုပ်အားခအဖြစ်ထည့်တွက်ပြီး လစာကိုပေးထားပြီးဖြစ်ကြောင်း၊ ယင်းအပြင် ယခုဦးသိန်းအောင်ထွန်းနှင့် ဦးသန်းအောင်တို့မှာ ESSAR တွင် ၃ နှစ်လုံးလုံး တာဝန် ထမ်းဆောင်ခဲ့သူများအဖြစ် အလုပ်သမား ဥပဒေ သတ်မှတ်ချက်အရအလုပ်မှ မထွက်မှီအခြေခံလစာ၏ ၅ ဆကို ၄င်းတို့၏ခံစားခွင့်ရှိသည့်အတိုင်းပေးလိုက်ပြီးဖြစ်ကြောင်းလည်းဦးမြင့်ဇော်ကရှင်းလင်းပြောဆိုသည်။

“သူတို့ပြောတဲ့အချိန်ပိုက ၄ နာရီမဟုတ်ဘူး၊ နားချိန်နှင့် ထမင်းစားချိန် ၁နာရီ သတ်မှတ်တယ်၊ အချိန်ပိုက ၃ နာရီပဲ၊ အခြေခံလစာက ၆၅၀၀၀ ရယ်၊ အချိန်ပို ခတွေတွက်ပြီး ၁ သိန်းခြောက်သောင်း၊ ၁သိန်းကိုးသောင်း အဲဒီလိုရကြတာပါပဲ” ဟု၄င်းကဆိုသည်။

စစ်တွေရေနက်ဆိပ်ကမ်းတည်ဆောက်မှုမှာ ဆိပ်ခံအပိုင်းပြီးစီးနေပြီဖြစ်ပြီး၊ မြေပေါ်လုပ်ငန်း အနည်းငယ်ကျန်ရှိနေကြောင်းလာမည့် ၂၀၁၅ ခုနှစ် ဧပြီလတွင် အစိုးရသို့အပြီးအစီးအပ် ရမည် ဖြစ်ကြောင်း အဆိုပါဆိပ်ကမ်းတာဝန်ရှိသူများထံမှသိရသည်။

Most read this week