ရန်ကုန် ရခိုင်ပြည်နယ်နေ့စည်ကားသိုက်မြိုက်စွာကျင်းပ

ရန်ကုန် ရခိုင်ပြည်နယ်နေ့စည်ကားသိုက်မြိုက်စွာကျင်းပ
by -
နိရဥ္စရာ

နှစ် (၄၀) မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်နေ့ မှ စတင်ပြီး ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်ရှိ တိုင်းရင်းသား ကျေးရွာတွင် ကျင်းပရာ အခမ်းအနားသို့ လူပေါင်းသောင်းချီ တက်ရောက် အားပေးခဲ့ကြသည်။

အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားများသာမက မြန်မာတိုင်းရင်းသားပေါင်းစုံတို့ ပါ၀င်ဆင်နွှဲခဲ့ကြပြီး နိုင်ငံခြားသားအချို့လည်း ပါ၀င်ဆင်နွှဲခဲ့သဖြင့် နှစ် (၄၀) ပြည့် ရခိုင်ပြည်နယ်နေ့မှာ  အလွန်စည်ကားခဲ့သည်။

aRAKAN-STATE-day

ရခိုင်ပြည်နယ်နေ့ ကျင်းပရသည့် အနှစ်သာရကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ယခုလို နိရဥ္စရာ ပြောဆိုသည်။

“အရင် ပါလီမန် ဒီမိုကရေစီခေတ်တုန်းက ရခိုင်ပြည်နယ်အဆင့်ဟာ တော်တော် အကျိုးရှိ ခဲ့တယ်။ အဲဒီတုန်းက ရှမ်းပြည်နယ်ဆိုရင် ရှမ်းဝန်ကြီးတစ်ပါးရတယ်။ ရ၄ ဖွဲ့စည်းပုံအရ ပြည်နယ်တစ်ခုဖြစ် သွားရင်လည်း နာမည်ပဲဖြစ်တယ်။ တစ်ခုမှမထူးဘူး။ တိုင်းနဲ့ပြည်နယ် အတူတူပဲ။ ဒါပေမယ့် ကျွန်တော်တို့က နာမည်တစ်ခုရလိုက်ရင််လည်း နာမည်ကိုတန်ဖိုးထားတယ်လေ။ အခု ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ဖွဲ့စည်းပုံက အားလုံး အတူတူပဲ။ ပြည်နယ်ဟာ နာမည်သာရှိတယ်။ ဒါပေမယ့် အခု နိုင်ငံရေးအခြေအနေက ပြောင်းနေပြီ။ အားလုံးတိုင်းရင်းသားတွေက ဖယ်ဒရယ်ပြည်ထောင်စုတောင်းနေကြ တယ်။ ဖယ်ဒရယ်ပြည်ထောင်စုတောင်းတဲ့အခါမှာ ကျွန်တော်တို့မှာ ရခိုင်ပြည်နယ်ဆိုတဲ့ နာမည်လေး ရခဲ့တာဟာ ဒါဟာ တန်ဖိုးရှိလာမယ်။ ဒါကြောင့် ကျွန််တော်တို့က ဒီရခိုင်ပြည်နယ်နေ့ကို လွှင့်ပစ်ထားလို့မရဘူး။ Polish လုပ်နေရမယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်နေ့တွင် ပျော်စရာကောင်းပုံကိုလည်း အသက် (၂၀) အရွယ် ရခိုင်သူ မနှင်းသက်ဝေက ယခုကဲ့သို့ နိရဥ္စရာကို ပြောသည်။

“ ရခိုင်တွေအများကြီး လာတယ်။ ပျော်ဖို့ လည်းကောင်းတယ်။ ကိုယ့်ရခိုင်ပြည်နယ်ကို ရောက်သွား သလိုမျိုးလည်း ခံစားရတယ်။ ဒါကြောင့် ပွဲကျင်းပပေး တဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ် လို့ပြောချင်ပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့ ရခိုင်ပြည်နယ်နေ့အခမ်းအနားတွင် ရခိုင်ရိုးရာကျင်ကိုင်ပွဲ၊ ချောတိုင်တက်ပွဲ နှင့် ခေါင်းအုံးသတ်ပွဲ၊ ရခိုင်ရိုးရာအစားအသောက်ရောင်းချပွဲ၊ ရိုးရာအမှတ်တရပစ္စည်းများ ရောင်းချပွဲနှင့် ရခိုင် တေးသံရှင်များ၏ စင်တင်တေးဂီတဖျော်ဖြေပွဲများကိုပါ ထည့်သွင်းကျင်းပခဲ့သည်။

ရန်ကုန်ရောက်ရခိုင်တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးကာ စည်းလုံးမှုပိုမိုရှိစေရန် ရည်ရွယ် ၍ ယခုပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဌ ဒေါက်တာ စံကျော်လှက ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်သော ရခိုင်ပြည်နယ်နေ့ကို တစ်ရက်စောပြီး ရန်ကုန်တွင် ကျင်းပရခြင်းမှာ  ရန်ကုန် ရှိရုံးဝန်ထမ်းများ၊ အလုပ်လုပ်ကိုင်နေကြသော ရခိုင်လူငယ်များ လာရောက်နိုင်ရန် ရည်ရွယ်၍ ရုံးပိတ်ရက် ဖြစ်သော တနင်္ဂနွေနေတွင်  ကြိုတင်ကျင်းပရခြင်းဖြစ်သည်ဟု ဒေါက်တာစံ လှကျော်က ပြောသည်။

သို့သော် ဒီဇင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းတွင်လည်း တိုင်းရင်းသားကျေးရွာရှိ ပြည်ထောင်စုခမ်းမ တွင် လူထုဟောပြောပွဲတစ်ခုကိုပြုလုပ်သွားမည်ဖြစ်သည်ဟု ဒေါက်တာစံလှကျော်က ဆိုသည်။

ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့လာရောက်ကြသည့်လူထုပရိသတ်များပြားမှုကြောင့် ပွဲခင်းထဲသို့ဝင် ရောက်သည့်လမ်းကြောင်းမှာ ကျဉ်းမြောင်းသည့်အပြင် ယင်းလမ်းပေါ်ရှိ တံတားငယ်တစ်စင်းမှာလည်း သေးငယ်လွန်းသောကြောင့် ပွဲတော်လာပရိသတ်များအတွက် လမ်းပိတ်ဆို့မှုကိုဖြစ်ပေါ်စေကာ သွားလာ ရခက်ခဲမှုကိုဖြစ်ပေါ်စေခဲ့သည်။

“အဲဒီတံတားလေးပေါ်မှာကိုက ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် ကျပ်ညှပ်နေတယ်။ ရုန်းမရဘူး။ ဒီတံတား လေးကို ခပ်ကျယ်ကျယ်လေးလုပ်လိုက်မယ်ဆိုရင်တော့ သွားလာရ အဆင်ပြေလိမ့်မယ်”ဟု ပွဲခင်းသို့ လာရောက် အားပေးခဲ့သည့် ရခိုင်အမျိုးသားတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်နေ့ကို ၁၉၇၄ ခုနှစ်အခြေခံဥပဒေအရ ယင်းနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရခိုင်တိုင်းမှ ရခိုင်ပြည်နယ်အဖြစ် အစိုးရကသတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

၁၉၇၄ ခုနှစ်အခြေခံဥပဒေအရပေါ်ပေါက်လာသော ရခိုင်ပြည်နယ်နေ့ကိုဂုဏ်ပြုသောအားဖြင့် ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ ပထမအကြိမ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စစ်တွေမြို့တွင်စတင်ကျင်းပနိုင်ခဲ့ကြောင်းလည်း သိရသည်။

Most read this week