ရခိုင်နယ်စပ်အခြေအနေမှာ အစိုးရ၏ပြောဆိုချက်နှင့် ကွဲလွဲမှုရှိနေဟု ရခိုင်ကျောင်းသားသမဂ္ဂဆို

ရခိုင်နယ်စပ်အခြေအနေမှာ အစိုးရ၏ပြောဆိုချက်နှင့် ကွဲလွဲမှုရှိနေဟု ရခိုင်ကျောင်းသားသမဂ္ဂဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် အခြေအနေနှင့် ပတ်သက်ပြီး အစိုးရ၏ ပြောဆိုထားချက်မှာ မြေပြင် အခြေအနေနှင့် ကွဲလွဲမှုများရှိနေသည်ဟု ရခိုင်ကျောင်းသားသမဂ္ဂများအဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်ရှိ ရခိုင်အမျိုး သားကွန်ရက်ရုံးခန်း၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

ရခိုင်ကျောင်းသားသမဂ္ဂများ (ဒဂုံတက္ကသိုလ်) နှင့် ( ရန်ကုန်စီးပွားရေးတက္ကသိုလ်)အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းရန်ကုန်မှ တဆင့် ရခိုင်နယ်စပ်ဒေသများဖြစ်သော ဘူးသီးတောင်နှင့် မောင်တောဒေသသို့ ကွင်းဆင်း လေ့လာခဲ့ရာ အဆိုပါဒေသများ၏ နယ်စပ်လုံခြံုရေး၊ ပညာရေးနှင့် စီးပွားရေးကဏ္ဍများမှာ အစိုးရက ပြောဆိုထားသည့် အခြေအနေများ နှင့် ကွဲလွဲမှုရှိနေသည်ဟု ဆိုသည်။

ရခိုင်နယ်စပ်အခြေအနေများနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ် နေစဉ်။

“အစိုးရက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုဘယ်လိုရှိပါတယ်။ ဘယ်လိုလုပ်ဆောင်နေပါတယ်။ ဘယ် လောက်ထိလုပ်ထားပါပြီဆိုပြီးပြောဆိုထားတာတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့သွားပြီး ကြည့်လိုက်တဲ့ အခါ ဘယ်လိုတွေ့ခဲ့ရလဲဆိုတော့ လုံခြံုရေးမရှိတဲ့ ကင်းတဲတွေ၊ လုံခြံုရေးအင်အား အသင့် အတင့်တောင် မရှိတဲ့ ကင်းစခန်းတွေကို ကျွန်တော်တို့ လက်တွေ့မြင်တွေ့ခဲ့ရပါတယ်”ဟု ရခိုင်ကျောင်းသား သမဂ္ဂများ (ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္က သိုလ်)မှ အကြံပေး ကိုထွန်းမင်းခန့်က နိရဥ္စရာသို့ ပြောသည်။

ယင်းတို့အဖွဲ့အနေဖြင့် နယ်စပ်ခြံစည်းရိုးကို လေ့လာနေသည့် အချိန်တွင်လည်း လက်နက်ကြီး သင်တန်း တက်နေကြသဖြင့် တာဝန်ကျလုံခြံုရေးဝန်ထမ်းများ အင်အားပြည့်မီစွာရှိမနေသည့်အတွက် တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂါလီကလေးငယ် ၃ ဦးဝင်ရောက်လာခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရပြီး ထိုဝင်ရောက် လာသူများကို ဓာတ်ပုံမှတ်တမ်း တင်နိုင်ခဲ့သည်ဟု ကိုထွန်းမင်းခန့်က ဆိုသည်။

“အဲလိုသူတို့ သင်တန်းတွေတက်နေရတဲ့အချိန်မှာ ဝုန်းကနဲ တစ်ခုခုထဖြစ်တယ်ထား။ ဘယ်လိုမှ အခြေအနေကို ထိန်းနိုင်မှာမဟုတ်ဘူး”ဟု ဆိုသည်။

ယင်းအပြင် နယ်စပ်ရှိတိုင်းရင်းသားဒေသများ၏ပညာရေးအခြေအနေမှာလည်း အလွန်တရာဆိုးဝါးနေပြီး ပညာ ရေးဝန်ထမ်းဆရာ၊ ဆရာမများ၏ လုံခြံုရေးအခြေအနေကိုလည်း အစိုးရက ပြည့်ပြည့်ဝဝ တာဝန် ယူပေးနိုင်မှု မရှိသည်ကို လက်တွေ့မြင်တွေ့ခဲ့ရပုံအား ကိုထွန်းမင်းခန့်က နိရဥ္စရာသို့ ယခုလိုပြောသည်။

“ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများပုံမှန်ကျောင်းသွားနိုင်ဖို့ လုံလောက်တဲ့လုံခြံုရေးအင်အားကို ချထားမပေး နိုင်တာကိုမြင်တွေ့ခဲ့ရပါတယ်။ ဘင်္ဂါလီရွာရယ်လို့မဟုတ်ပါဘူး။ ရခိုင်ရွာကိုသွားပြီး စာပြဖို့အတွက် သူတို့မှာ လုံခြံုရေးမရှိဘူး။ အဲဒီမှာ တောက်လျှောက်က ဘင်္ဂါလီရွာတွေလေ။ ဘင်္ဂါလီရွာတွေကိုဖြတ်မှ ရခိုင်ရွာကို ရောက်မှာကိုး”ဟု သူက ဆိုသည်။

အလားတူ အဆိုပါဒေသရှိ ဒေသနေတိုင်းရင်းသားများ၏စီးပွားရေးအခြေအနေမှာလည်း ကျဆင်းနေသည့် အပြင် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဝင်ရောက်လာသည့် ရခိုင်မျိုးနွယ်စုများ စီးပွားရေးလုပ်ကိုင် စားသောက် နေကြရာ တွင်လည်း အဆင်မပြေမှုများကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

“အဲဒီရခိုင်မျိုးနွယ်စုတွေအတွက် အစိုးရကနေပြီးတော့ လယ်ယာလုပ်ငန်းများလုပ်ကိုင်စားသောက်ဖို့ မိသားစု တစ်ခုကို လယ် ၂ ဧကပေးထားပေမယ့် ဟိုနေရာမှာ ၁ ဒသမ ၅ ဧက၊ ဒီနေရာမှာ ၁ ဒသမ ၅ ဧက၊ တစ်ချို့ နေရာမှာ ၁ ဒသမ ၃ ဧက၊ အဲလိုခွဲပေးထားတယ်။ အဲလိုပေးထားတဲ့နေရာတွေဟာလည်း အကုန်လုံး ဘင်္ဂါလီနယ်မြေတွေပဲဖြစ်ပါ တယ်။ ဒါကြောင့် သူတို့တွေအနေနဲ့ လယ်ယာလုပ်ငန်းလုပ်ဖို့လည်း လုံခြံုရေးက မရှိဘူး”ဟု ဆိုသည်။

၂၂ ရက်တာကြာမြင့်ခဲ့သည့် ရခိုင်ကျောင်းသားသမဂ္ဂများ(ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်)၏ ယခုခရီးစဉ်မှာ ရခိုင်နယ်စပ်ဒေသရှိ တိုင်းရင်းသားကလေးသူငယ်များ၏ပညာရေးအခြေအနေများအပါအဝင် တိုင်းရင်း သားများ၏လူနေမှုအခြေအနေများနှင့် နယ်စပ်အခြေအနေများကို လေ့လာရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါအ ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုတင်က ဆိုသည်။

Most read this week